အရှိန်မြင့်လာသည့် အာဏာရှင်စနစ် အမြစ်ဖြတ် တော်လှန်ခရီး
နန့်ဆန်းထီ
(ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၅ ခုနှစ်)
“အဲဒီနေ့က ဖုန်းလိုင်းတွေရော၊ အင်တာနက်လိုင်းတွေရော မရတော့လို့ ဘာဖြစ်ကုန်လဲ လိုက်မေးတာ သူများ ပြောမှ အာဏာသိမ်းမှန်းသိတယ်။ အိမ်မှာ ဝိုင်ဖိုင်တပ်ထားတော့ ဖုန်းအင်တာနက်မရပေမယ့်လည်း သတင်း တက်လာနဲ့ အာဏာသိမ်းမှန်းသိသွားတာ”
စသည့် ပြောဆိုမှုများမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံ့အာဏာကို အရပ်သားအစိုးရထံမှ စစ်တပ်က သိမ်းပိုက်လိုက်ပြီးနောက် သတိပြုမိသည့် အခြေအနေကို ရန်ကုန်မြို့ခံတစ်ဦးက ပြန်ပြောပြခြင်းဖြစ် သည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုလျှင် အာဏာသိမ်းမှု ၄ နှစ် ပြည့်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း သမိုင်းကြောင်းကို ပြန်ကြည့်ပါက စစ်တပ်သို့မဟုတ် တပ်ဩဇာခံ များကသာ နိုင်ငံ့အာဏာကို နည်းအမျိုးမျိုးပြ ချယ်လှယ်ခဲ့သည်မှာ အများအသိ ဖြစ်သည်။ ယခု ၂၀၂၁ စစ်တပ် က အာဏာသိမ်းမှုကိုမူ ပြည်သူတစ်ရပ်လုံးက လက်မခံတော့သလို နည်းမျိုးစုံဖြင့် အာဏာရှင်ကို တော်လှန်နေသည် မှာ ယနေ့ချိန်ထိ ဖြစ်သည်။
စစ်တပ်ကမူ အာဏာသိမ်းမှုကို ၂၀၂၀ ရွေးကောက်ပွဲ၌ မဲစာရင်းမှားသည်ဟု အကြောင်းပြသော်လည်း ပြည်သူများ ကမူ ယုတ္တိမရှိ၊ လက်မခံသလို ထိုစဉ်က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းများကလည်း စာရင်းပိုင်း အားနည်းချက်ရှိသော်လည် ရွေးကောက်ပွဲ ရလဒ်ကို မထိခိုက်နိုင်ဟု ပြောဆိုထားသည်။
စင်စစ် အရပ်သားအစိုးရလက်ထက် အရှိန်ရစပြုလာသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မလိုလား။ ရွေးကောက်ပွဲမတိုင်မီကတည်းက သမ္မတဖြစ်လိုကြောင်း ကိုယ်တိုင်ထုတ်ပြောခဲ့ဖူး သည်မှာ အများအသိဖြစ်သလို မြန်မာ့အရေး နိုင်ငံတကာ သုတေသီများကလည်း သုံးသပ်ပြောဆိုထားသည်။
ယခုတစ်ကြိမ် အာဏာသိမ်းမှုသည် စစ်ခေါင်ဆောင်တို့ တွက်ကိန်းလွဲခဲ့သည်။ ယခင်ဆန္ဒပြပွဲများကို အကြမ်းဖတ် နှိမ်နှင်းပြပြီး ပြည်သူများထံ အကြောက်တရားရိုက်သွင်းမည်။ တည်ငြိမ်အောင်ထိန်းကာ နိုင်ငံရေးတွင် အရပ်သား အစိုးရကို ဖြုတ်ချ၍ သို့မဟုတ် ထိန်းချုပ်ကာ ရွေးကောက်ပွဲလုပ်ပြီး လက်ဝေခံပါတီများ အာဏာပြန်ရရေး ရည်ရွယ်ခဲ့ဟန်ပေါ်လွင်သည်။
ထိုသို့ အကြောက်တရားဖြင့် အုပ်ချုပ်ပြီး နိုင်ငံရေးကို လိုသလိုပြန်ပုံသွင်းရန် ကြိုးပမ်းမှုများမှာ တွက်ကိန်းလွဲခဲ့ သလို ပြည်သူတို့က ရရာတူမီးသေနတ်ဖြင့် ပြန်တော်လှန်ကာ ယနေ့ချိန်ဆိုလျှင် စစ်ကောင်စီ စစ်ရှုံးနေသည်မှာ အများအသိဖြစ်သည်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် ပြည်သူတို့ လက်နက်ကိုင်ပြန်တိုက်မည်ကို မတွေးမိခဲ့ဟု သတင်းစာရှင်းလင်းပွဲ၌ ဝန်ခံပြောဆိုခဲ့ဖူးသည်။ ထို့အပြင် သတင်းအမှောင်ချ ဝါဒဖြန့်ချိရေးလုပ်ငန်းမှာလည်း ၂၁ ရာစု ဆက်သွယ်ရေးနည်းပညာခေတ်၌ အလုပ်မဖြစ်၍ စစ်ကောင်စီအကြပ်ရိုက်သွားခဲ့သည်။
ယခုလို နည်းပညာခေတ်သည် ၁၉၈၈ လူထုအရေးတော်ပုံခေတ်လို သတင်းအမှောင်ချ၍ မရသလို ပြည်သူတို့က မတရားမှုကို ငုံမခံ၍ နွေဦးတော်လှန်ရေး နိုင်ငံတစ်ဝှမ်းလုံးထိ ရိုက်ခတ်သွားသည်ဟု မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်တစ်ခုမှ အမျိုးသမီးရဲဘော်တစ်ဦးက မှတ်ချက်ပြုပြောသည်။
“၈၈ တုန်းကဆို မြို့တွေထဲသတင်းမရောက်ခဲ့တဲ့အတွက် ပြည်သူတော်တော်များများက မသိခဲ့ဘူး။ နိုင်ငံရေး သတင်းသိချင် ခိုးကြည့်ရတယ်လို့ ကြားဖူးတယ်။ အခုက စကစဘက်က သတင်းအမှောင်ချလို့ လုံးဝမရဘူး။ ပြည်သူတွေလည်း မအကြတော့ဘူးလေ။ ကျမကိုယ်တိုင်လည်း အွန်လိုင်းကနေပဲ အော်နေလို့မရဘူး၊ ရတဲ့ဘက် ကနေ ရသလို တိုက်မယ်လို့ အချိန်ယူဆုံးဖြတ်ပြီး တော်လှန်ရေးထဲ ဝင်ခဲ့တာ” ဟု သူမက ဆိုသည်။
ယခု အာဏာသိမ်းပြီးနောက် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတကာ မြန်မာသတင်း-BNI ၏ ငြိမ်းချမ်းရေးစောင့်ကြည့်မှု အစီအစဉ် (MPM)က ယခုရက်ပိုင်းအတွင်း အစီရင်ခံစာထုတ်ပြန်ထားသည်။
အစီရင်ခံစာ၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တို့ ပူးပေါင်း၍ နိုင်ငံအနှံ့ စစ် မျက်နှာဖွင့်တိုက်ခဲ့မှုကြောင့် တစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၉၅ မြို့ကို စစ်ကောင်စီလက်အောက်မှ သိမ်းပိုက်ထားပြီး ဟု ဖော်ပြထားသည်။
အထူးသဖြင့် ရှမ်းမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးက သိသာထင်ရှားပြီး မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစစ်ဆင်ရေး ဒုတိယပိုင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၌ လားရှိုးမြို့ အခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ကိုးကန့်တပ်က သိမ်းခဲ့သည်။ ထို့အပြင် ရခိုင်တွင်လည်း ဒီဇင်ဘာလတွင် အမ်း မြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော်- AA က သိမ်းပိုက်ခဲ့ခြင်းသည် စစ်ကောင်စီ သမိုင်းဝင် ရှုံးပွဲများ ဖြစ်ခဲ့သည်။
၎င်းအပြင် မြန်မာပြည်အရှေ့တောင်ပိုင်း ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီတို့တွင်လည်း ကရင်၊ မွန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီကို မြို့မသိမ်းသော်လည်း စစ်ရေးအသာစီးချေမှုန်းနေပြီး စစ်ကောင်စီက မြို့ပေါ် ကွက်ကွက်သာ စိုးမိုးနိုင်သည့် အခြေအနေ ဖြစ်နေသည်။
စစ်ကောင်စီဌာနချုပ်ရှိရာ နေပြည်တော်ဒရုန်းတိုက်ခိုက်ခံရမှု ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် နေပြည်တော် အနီးထိ PDF များက စစ်ရေးခြိမ်းခြောက်ပြခဲ့သည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ကျန်ပြည်နယ်နှင့် တိုင်းဆက်ကားလမ်းမကြီးများကို တော်လှန်ရေးတပ်များက စိုးမိုးထားသည်မှာ အများအသိဖြစ်သည်။
အာဏာသိမ်းစက တော်လှန်သူများကို အကြမ်းဖက်နာမည်တပ်၍ အမြစ်ဖြတ်မည်ဟု ကြွေးကြော်ခဲ့သော စစ်ကောင်စီသည် လက်ရှိအနေအထားတွင် သူတို့ရပ်တည်နိုင်ရေး မနည်းရုန်းကန်နေရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF ၏ စစ်ဦးစီးအဖွဲ့(၁)၊ စစ်ဦးစီး(ရေး) ရဲဘော်မင်းမင်းဦးက ပြောသည်။
“တော်လှန်သူတွေကို အမြစ်ဖြတ်ချေမှုန်းပစ်မယ်ဆိုတဲ့ စစ်တပ်ဟာ အခုဆို ၄ နှစ်ရှိပြီး၊ သူတို့ရဲ့ရပ်တည်မှုအတွက် ခုခံနေရပြီး ကျနော်တို့ဘက်က ထိုးစစ်ဖြစ်နေတဲ့ အနေအထားဖြစ်တယ်။ ဒါက တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲဖြစ်သလို အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်မယ်လို့ ယုံကြည်တယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာ ရှင်ပြုတ်ကျရေးဆိုတဲ့ ရည်မှန်းချက်ထက် ပိုကျော်လွန်တဲ့ ပန်းတိုင်ဆီ ချီတက်နေပြီး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကမူ အစကနဦး ကတည်းက အများလက်မခံသလို စစ်တပ်ဦးဆောင်ဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံကို ကိုယ်တိုင်ပြန်ချိုးဖောက်ကာ လိုသလို အဓိပ္ပါယ်ဖော်ပြီး ယခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ၇ ကြိမ်မြောက် အရေး ပေါ်ကာလကို ခြောက်လ သက်တမ်းတိုးခဲ့သည်။
ထို့အပြင် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ လုပ်မည်ဟု အပ်ကြောင်းထပ် ပြောဆိုနေပြီး၊ ရွေးကောက်ပွဲကို နိုင်ငံ ရေးထွက်ပေါက်သဖွယ် အသုံးပြုနေသည်။ သို့သော် တော်လှန်ရေး အင်အားစုများက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ တော့သလို ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်မည်ဟု အသီးသီးထုတ်ဖော်ပြောဆိုနေကြသည်။
အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန် ခြေလှမ်းလှမ်းနေသည့်အခြေအနေအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုကွယ်ထူးဝင်းက ယခုလို ပြတ်ပြတ်သားသားတုန့်ပြန်ပြောဆိုလိုက်သည်။
“စစ်တပ်ဟာ အာဏာကို ခိုင်ခိုင်မာမာနဲ့ ရေရှည်ချုပ်ကိုင်နိုင်ဖို့ တနိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး နိုင်ငံတကာအမြင်မှာ တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုခံရနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီလို ပြင်ဆင် ဆောင်ရွက် နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်တံ့နေဖို့နဲ့ စစ်တပ်ကြီးစိုးမှု အမြဲတမ်းရရှိ နေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အားလုံး အတူတကွ ဆန့်ကျင်ရမှာ ဖြစ်ပါတယ်” ဟု ကေအဲန်ယူ ဥက္ကဌ ပြောဆိုသည်။
နိုင်ငံတကာနှင့် အာဆီယံကမှု ရွေးကောက်ပွဲထက် မြန်မာ့ပြည်တွင်းစစ်ကို စစ်ရှိန်လျှော့ချပြီး ဆွေးနွေးရေး လမ်းကြောင်း ပေါ်သို့ သွားရန်တိုက်တွန်း ပြောဆိုထားသည်။ သို့သော် ဆွေးနွေးရန် အခြေခံရမည့်အချက်များအရ တွေ့ဆုံဆွေးနွေးလမ်းကြောင်းမှ ဝေးကွာနေဆဲ ဖြစ်သည်။
“ဗမာစစ်တပ်က နိုင်ငံ့အာဏာကို လုယူခဲ့ပေမဲ့ တနိုင်ငံလုံးကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ကဏ္ဍပေါင်းစုံ နေရာ ပေါင်းစုံကနေ သူ့ကိုဆန့်ကျင်နေလို့ စစ်တပ်စိုးမိုးနယ်မြေတွေဟာ လျော့နည်းသထက် လျော့နည်း လာနေ ပါတယ်။ တိုင်းရင်းသားလူမျိုးနဲ့ လူထုတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်စခန်းတွေ၊ စစ်ဌာနချုပ်တွေ၊ နယ်မြေတွေကို တက်ရောက်သိမ်းပိုက်ပြီး အကြီးအကျယ် အောင်ပွဲခံနေပြီဖြစ်ပါတယ်” ဟု ပဒိုကွယ်ထူးဝင်းက ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမိန့် ခွန်းတွင် ပြောသည်။
လွတ်လပ်ရေးရပြီးစအချိန်မှစ၍ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တော်လှန်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များ သူပုန်များဟု မည်သို့ပင် ဝါဒဖြန့်စေကာမှု ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ်၏ ကြမ်းကြုတ်ရက်စက်မှုများကို ပြည်သူတို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ထိုမှထပ်ဆင့်ပေါက်ဖွား လာသည့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့် နွေဦးတော်လှန်ရေးသည်လည်း ပေါ်ပေါက်လာခဲ့ပြီး ဖြစ်သည်။
ထိုသို့ အရှိန်အဟုန်ဖြင့် သွားသည်နေသည့် တော်လှန်ရေး၏ ဦးတည်ချက်သည် သို့သော် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးနှင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက်ဖြစ်ကာ တော်လှန်ရေး ပြင်းထန် နေမှုနှင့်အတူ ယခုချိန်တွင် နိုင်ငံရေး ဩဇာကြီးမားသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကြားဝင်စေ့စပ် ၍ မရတော့သည့် အခြေအနေဖြစ်နေသည်ဟု နိုင်ငံရေး အကဲခတ်များက ဆိုသည်။
ABSDF ၏ ရဲဘော်မင်းမင်းဦးက “ဘယ်လိုဖိအားတွေပဲကြုံကြုံ တော်လှန်အင်အားစုတွေနဲ့ လူထုကသာ အဆုံး အဖြတ်ပေးသွားမှာဖြစ်တယ်။ ဒီတော်လှန်ရေးကို အစပြုခဲ့ကြတာကလည်း ပြည်သူလူထုဖြစ်သလို ပြီးဆုံးအောင် ဖော်ဆောင်ရာမှာလည်း ပြည်သူလူထုကသာ အခရာကျပါတယ်။ စစ်အာဏာရှင် ယိုင်နဲ့နဲ့ကျန်ချိန်မှာ ပြိုင်တူတွန်း ကြမယ်လို့ ယုံကြည်ပါတယ်။ ဒီ ၂၀၂၅ မှာလည်း တော်လှန်ရေးအရှိန်အဟုန်ဟာ မြင့်တက်နေဦးမှာပါပဲ။” ဟု မှတ် ချက်ပြု ပြောသည်။
အချုပ်ဆိုရလျှင် အာဏာသိမ်းခြင်းကြောင့် စစ်အုပ်စု မျှော်မှန်းသလို အကြောက်တရားဖြင့် အုပ်ချုပ်၍မရသလို မြန်မာ့နိုင်ငံရေးကို စစ်အာဏာရှင်တို့ လွှမ်းမိုးမှု အဆုံးသတ်ရန် ရောင်နီထွက်ပေါ်နေပြီး တော်လှန်ရေးရေး ခရီး ဆက်ဆဲ ဖြစ်ပေသည်။