ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လွတ်လပ်သည့် ကရင့်နိုင်ငံတော်တည်ဆောက်ရေးအတွက် တစ်ခုတည်းသောအလံတော်အောက်တွင် လက်တွဲညီညီဖြင့် စုစည်းချီတက်ကြရန် ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကရင်အမျိုး သားနေ့အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုနော်ဒါးဒါးက တိုက်တွန်းပြောဆိုသည်။
၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကို ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင် တစ်နေရာတွင် ဖေဖော်ဝါရီလ ၁၁ ရက်၊ ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပရာ ကေအဲန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုနော်ဒါးဒါးအပါအဝင် ခေါင်းဆောင်များ၊ ကရင်လူငယ်များ စုစုပေါင်းလူဦးရေ (၂၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် လူမျိုးတစ်မျိုး၏အင်္ဂါရပ်နှင့်ပြည့်စုံသော မိမိတို့ကရင်လူမျိုးများအနေဖြင့်လွတ်လပ်ပြီး ကမ္ဘာကသိရှိသည့် ကရင့်နိုင်ငံတော်တည်ဆောက်ရန် ကြိုးပမ်းတိုက်ပွဲဝင်၍ ကရင့်အလံတော်အောက်၌ ပန်းတိုင်သို့စုစည်း ချီတက်ရမည်ဖြစ်ကြောင်း ပဒိုနော်ဒါးဒါးက တိုက်တွန်းသည်။
“တို့တွေက ဒီနိုင်ငံထဲမှာ မလွတ်လပ်ဖိနှိပ်ချုပ်ခြယ်ခံရတဲ့လူမျိုးအနေနဲ့ ရှင်သန်နေရတဲ့အခါကျတော့ အသက်ရှင်နေပေမယ့် နိုင်ငံရေးအကုန်လုံးသေနေတယ်။ ဒါကြောင့် ကရင်လူမျိုးဆိုတာ ကမ္ဘာက လွတ်လပ်တဲ့လူမျိုးအဖြစ်နဲ့သိအောင် ကြိုးပမ်းတိုက်ပွဲဝင်ရမယ်။ တစ်ခုတည်းသော ကရင့်အလံ တော်အောက်မှာ အားလုံးစုစည်းပြီး လွတ်လပ်တဲ့ကရင်နိုင်ငံတည်ဆောက်ရေး သံဓိဌာန်ချပြီး ဆက်လက်ချီတက်သွားဖို့ တိုက်တွန်းတယ်” ဟု ပဒိုနော်ဒါးဒါးက အခမ်းအနားတွင် ပြောကြားသည်။
၎င်းအပြင် မပြီးမြောက်သေးသည့် ကရင်လူမျိုးတို့၏အမျိုးသားရေး၊ နိုင်ငံရေးမျှော်မှန်းချက်အတွက် မျိုးချစ်စိတ်အပြည့်ရှိသည့် ကရင်လူငယ်များလိုအပ်သလို မိမိတို့ကရင့်ခေါင်းဆောင်များ ဖြတ်သန်းခဲ့ ရသည့်အတွေ့အကြုံ၊ ကရင်လူမျိုးအဆက်ဆက် ကျော်ဖြတ်ခဲ့ရသည့် သမိုင်းမှတ်တမ်းများကိုလည်း ယနေ့ခေတ်ကရင်လူငယ်များ သိရှိနားလည်အောင် လေ့လာကြရန်လည်း ပဒိုနော်ဒါးဒါးက ဖြည့်စွက်တိုက်တွန်းလိုက်သည်။
ထို့အတူ ကေအဲန်ယူ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း အခမ်းအနား အဖွင့်အမှာ စကားပြောကြားခြင်းအစီအစဥ်ပြီးနောက် တက်ရောက်လာသည့် ခေါင်းဆောင်များမှ (၇၇)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ဂုဏ်ပြုစကား၊ အမျိုးသားနေ့သမိုင်းကြောင်းနှင့် ပေးပို့လာသည့် သဝဏ် လွှာများကို ကရင်လူငယ်များက ဖတ်ကြားဂုဏ်ပြုသည့်အစီအစဥ်တို့အား ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်သည့် ကရင်လူငယ် စအိုင်ဆူးက “ခေတ်အဆက်ဆက် ကျနော်တို့ တန်ဖိုး မရှိအောင်ဖိနှိပ်ခံခဲ့ရတယ်။ ကျနော်တို့စည်းလုံးမှာမလိုလားသူတွေရဲ့ ကွဲပြားအောင်ခွဲခြားခံခဲ့ရတယ်။ အတိတ်ကသမိုင်းကို သင်ခန်းစာယူရပါမယ်။ အဓိက လူငယ်တွေအနေနဲ့ကိုယ့်သမိုင်းကို လေ့လာရမယ် ။ သိပြီးရင်သမိုင်းပေးတာဝန်ကို ထမ်းဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကောက်ညှင်းလိုစည်း လုံးခြင်းအားဖြင့် ကျနော်တို့တွေ ဘေးကသွေးခွဲမှုတွေလည်း ဖယ်ရှားနိုင်ပါလိမ့်မယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က လွတ်လပ်ရေး၊ တန်းတူရေး၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီအရေးကို ဖော်ညွှန်းသည့်ကြွေးကြော်သံ(၄)ရပ်အား ကေအဲန်ယူ ဦးဆောင်သည့် ဗမာတစ်ပြည်လုံးရှိ ကရင်လူထုများပါဝင်သော အသံတိတ် ဆန္ဒဖော်ထုတ်ပွဲကြီးကို ပြုလုပ်ခဲ့သည်။
ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်သည့် ကရင်လူထု (၄)သိန်းကျော်သည် ကရင်ပြည်ချက်ချင်းပေး၊ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ ဟူသော ကြွေးကြော် သံများကို ကိုင်စွဲကာ မြို့ကြီးများ၌ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။
ကရင်တို့၏ စည်းလုံးညီညွတ်မှု၊ ဇာတိသွေး ဇာတိမာန်နှင့် နိုင်ငံရေးအသိအမြင်တို့ နိုးကြားလာစေပြီး ကမ္ဘာက ကရင်ကို ပိုမိုသိစေခဲ့သည့် ထိုနေ့ကိုအစွဲပြု၍ ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့ အထိတိုင် ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။