Home သတင်း လူကုန်ကူးခံရသူ နိုင်ငံခြားသားများကို ရှာဖွေပြန်ပို့ပေးမည်ဟု DKBA ဒုစစ်ဦးစီးချုပ်ပြော

လူကုန်ကူးခံရသူ နိုင်ငံခြားသားများကို ရှာဖွေပြန်ပို့ပေးမည်ဟု DKBA ဒုစစ်ဦးစီးချုပ်ပြော

176
Photo: DKBA

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA နယ်မြေအတွင်း လူကုန်ကူးခံရပြီး ပျောက်ဆုံး နိုင်ငံခြား သားများကို ရှာဖွေပြန်ပို့ပေးသွားမည်ဟု အဖွဲ့ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ DKBA နယ်မြေအတွင်း ကျားဖြန့်(အွန်လိုင်းငွေကြေးလိမ်လည်မှု)လုပ်ငန်းများ၌ လူကုန်ကူးခံရသူ နိုင်ငံခြားသား ၁၀၀ ဦး ကျော်ကို ကယ်ဆယ်ထားပြီး လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နေကာ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ထိုင်းစစ်တပ်ထံ ပြန်လွှဲပေးရန် စီစဉ်နေသည်ဟု ဒုစစ်ဦးစီးချုပ်က အတည် ပြုပြောသည်။

“ထိုင်းဘက်ကို ပြန်လွှဲဖို့က အယောက် ၁၀၀ ကျော်ရှိတယ်။ သူတို့ကို နာမည်စာရင်း အထောက် အထားတွေနဲ့ စိစစ်ပြီး ဓာတ်ပုံတွေ ရိုက်ထားပြီးပြီ၊ ထိုင်းစစ်တပ်ထံကို ပြန်လွှဲဖို့ပဲ။ ကျနော်တို့နဲ့ ထိုင်းနဲ့က ဘာပြဿနာမှမရှိဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် DKBA နယ်မြေအတွင်း စီးပွားရေးလုပ်ရန် ခွင့်တောင်းရောက်ရှိလာသူ နိုင်ငံခြားသားများသည် ယခုလို လိမ်လည်ခြင်း၊ လူကုန်ကူးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်မည်ကို မသိထားကြောင်းနှင့် လက်ခံမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

Photo: DKBA

ယခင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဖိလစ်ပိုင်သံရုံးက နာမည်စာရင်းပေးပို့လာသူ ၂၀ ဦးကို ရှာဖွေကယ်ဆယ် ပြန်ပို့ ပေးခဲ့ခြင်းများလည်း ရှိခဲ့သည်ဟု DKBA က ပြောသည်။ ယခု ရှာဖွေကယ်ဆယ်ထားသည့် ၁၀၀ ဦးကျော်သည် တိုင်ကြားစာရင်းရထားသူများ မဟုတ်ဘဲ သီးခြားရှာဖွေကယ်ဆယ်ခဲ့သူများ ဖြစ်သည်ဟု DKBA ထံမှ သိရသည်။

ထို့အပြင် ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း၊ လူကုန်ကူးခြင်းနှင့် နယ်စပ်ဖြတ် ကျော်ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟုလည်း DKBA ဒုစစ်ဦးစီးချုပ်က ပြောသည်။

လက်ရှိ DKBA လုံခြုံရေးတာဝန်ယူထားသည့် ဘုရားသုံးဆူမြို့တွင်လည်း လိမ်လည်ခြင်း၊ လောင်း ကစားနှင့် စားသောက်ဆိုင်လုပ်ငန်း လာရောက်လုပ်ကိုင်နေသူ တရုတ်နွယ်ဝင်များကို ယခုလကုန်တွင် အပြီးပြန်သွားရန် အမှတ်-၂ စစ်ဗျူဟာက အမိန့်ထုတ်ထားသည်။