ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြောင်း သယ်ဆောင်လာသော ကျားဖြန့်လုပ်ငန်းသုံး ကွန်ပြူတာများအပါအဝင် စမတ်ဖုန်းနှင့် ဆင်းကတ်အများအပြားကို ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်လမတ် ကျေးရွာဘက်တွင် ထိုင်းစစ်တပ်ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်ဆောင်ရွက်နေချိန်တွင် ယာတောလမ်းအတိုင်း ကုန်ပစ္စည်းများတင်လာသည့် မသင်္ကာဖွယ်ရာ ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ကွန်ပြူတာ (၁၉) စုံ၊ စမတ်ဖုန်း (၁၂၅၁) လုံး၊ ဖုန်းဆင်းကဒ် (၂၇၄) ကဒ်ပါဝင်ပြီး ထိုပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးရှိ မြဝတီဘက် ကျားဖြန့်လုပ်ငန်းများမှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ပစ္စည်းများကို မယ်လမတ်မြို့ပေါ်ရှိ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုကတဆင့် စလကဲ့ယောက်ခရိုင်၊ ဝပ်ထနာနခွန်မြို့နယ်၊ ဝပ်ထနာကျေးရွာရှိ နေအိမ်တစ်လုံးကို ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသား ယာဥ်မောင်းတစ်ဦးကို ဘတ် ၅၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း နှင့် ထိုပစ္စည်းများကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ်သို့ ပို့ဆောင်ရန် စီစဥ်နေကြကြောင်းသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသား ကားသမားကို မယ်လမတ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကွင်း ဆက်တရားခံတွေကို ဆက်လက်ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် မြဝတီနှင့် ရွှေကုက္ကိုဒေသအခြေစိုက် ကျားဖြန့်- အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ကိုင်နေသူများကို ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုမှုကြောင့် တရုတ်နိုင်ငံသားလုပ်ငန်းရှင်အချို့သည် ဘုရားသုံးဆူနှင့် တာချီလိတ်ဒေသဘက်သို့ နေရာ အပြောင်းအရွှေ့ လုပ်ဆောင်မှုများရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
Photo_AEC



















