ဖေဖော်ဝါရီ ၂၆ ရက်။ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းလျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် မြဝတီမြို့ ဆေးရုံကြီးနှင့် အောက်ဆီဂျက်စက်ရုံ အတွက် ၁၀၀ KW (ကီလိုဝပ် )ဆိုလာ လျှပ်စစ်စနစ် ၂ စုံ တပ်ဆင်လည်ပတ်ရန် လုပ်ဆောင်နေကြောင်း မြဝတီ ဖောင်ဒေးရှင်းဦးဆောင်ကော်မတီထံမှ သိရသည်။
ဖောင်ဒေးရှင်း ဦးဆောင်ကော်မတီမတည်ငွေအပြင် မြို့သူမြို့သားများ စုပေါင်းထည့်ဝင်ငွေနှင့် စုပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြဝတီဖောင်ဒေးရှင်းအဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။
“ဆိုလာစနစ်သုံးဖို့က ဆေးရုံကြီး နဲ့ အောက်ဆီဂျင်စက်ရုံ အတွက် 100KW ဆင်မယ်။ မီးလင်းဖို့၊ ခွဲစိတ်ခန်းသုံးဖို့၊ အောက်ဆီဂျင်ပြန်ထုတ်ဖို့ပေါ့၊ ကုန်ကျငွေကတော့ ထိုင်းဘတ် ငွေ ၄၅သိန်း လောက် ကုန်မှာတော့ မှန်းထားတယ်။ ၂ နေရာ လုပ်ဖို့က အခုဆေးရုံကြီးကိုအရင်လုပ်မှာပေါ့နော်။ ထိုင်းဘက် ကပစ္စည်းဝယ်မရသွင်းမရတော့ မြန်မာပြည်တွင်းကတပ်ဆင်တာနဲ့ သုံးဖို့လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
ယခုလို ထိုင်းလျှပ်စစ်မီးဖြတ်တောက် ခံထားရသည့်အတွက် လက်ရှိတွင် မြဝတီ ဆေးရုံကြီး၌ ခွဲစိတ်ခန်း အသုံးပြုကုသမှုရပ်နားထားရပြီး အောက်ဆီဂျင် မထုတ်နိုင်သဖြင့် ဖားအံမြို့ဘက်မှ ပြန်လည်သယ်ယူ အသုံးပြုနေရကြောင်း သိရှိရသည်။

အဆိုပါ မြဝတီဖောင်ဒေးရှင်းအဖွဲ့တွင် မြဝတီ အောက်ဆီဂျင်စက်ရုံ အသင်းနှင့် မြို့ရွာ အရေး ဆောင်ရွက်နေသည့် မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ လတ်တလော မြဝတီ မြို့နယ် အတွင်း လျှပ်စစ်မီးပြတ်တောက်ခံထားရပြီး မြို့ရွာ၊ ကျေးနယ်အတွင်း ကျန်းမာရေးကိစ္စ ခက်ခဲနေ သည့်အပေါ် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြဝတီမြို့ခံတစ်ဦးက “မြန်မာမီးလည်းမရ၊ ထိုင်းမီးလည်းမရ၊ မီးစက်အတွက် ဆီကလည်းမရဆိုတော့ ဆိုလာစနစ်ကို အားကိုး ရတာပေါ့၊ မြဝတီ ဖောင်ဒေးရှင်းက ဒါကိုလုပ်မယ်ဆိုပြီးပြောကြဆိုကြတော့ မြို့ကလူတွေ တတ်နိုင်သလောက် လှူကြထည့်ကြတာပေါ့။ ပြောရမယ်ဆို ကိုယ့်မြို့ အတွက်ကိုယ်ထူကိုယ်ထပေါ့ ၊ အဲ့တာမှကျန်းမာရေးကိစ္စကအဆင်ပြေမယ်”ဟု ပြောသည်။
လက်ရှိအချိန်အထိ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး မြဝတီ မြို့ဘက်ကို ဖြတ်တောက် ထားသည့်အတွက် မြဝတီမြို့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ၊ ဘဏ်များနှင့်ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ လောင်စာဆီ အသုံးပြုမီးစက်များဖြင့် လည်ပတ်နေကြသလို ဆိုလာစနစ်လျှပ်စစ် တစ်ပိုင်တစ်နိုင် ဝယ်ယူ တပ်ဆင်အသုံးပြုမှုများဖြင့်လည်း လျှပ်စစ်အသုံးပြုနေကြရကြောင်း သိရသည်။




















