Home သတင်း ကတိုင်တိတိုက်ပွဲကြောင့် ဘီးလင်းမြို့နယ်သို့ စစ်ရှောင်လာသူ (၁၀၀၀)ကျော် နေထိုင်ရပ်တည်ရေး ခက်ခဲ

ကတိုင်တိတိုက်ပွဲကြောင့် ဘီးလင်းမြို့နယ်သို့ စစ်ရှောင်လာသူ (၁၀၀၀)ကျော် နေထိုင်ရပ်တည်ရေး ခက်ခဲ

931

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ ကတိုင်တိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကြောင့် တပ်မဟာ(၁) သထုံခရိုင်ရှိ ဘီးလင်းမြို့နယ်အတွင်းသို့ စစ်ရှောင်နေရသူ စစ်ဘေးရှောင် (၁,၀၀၀) ကျော်မှာ နေအိမ်မပြန်နိုင်ကြသေးသဖြင့် နေထိုင်ရပ်တည်ရေး ခက်ခဲနေကြောင်း စစ်ရှောင်များထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ကတိုင်တိအခြေစိုက် စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက သိမ်းပိုက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တုန့်ပြန်ပစ်ခတ်မှုများကြောင့် စခန်းအနီးရွာများ စစ်ရှောင်နေရသည်မှာ ၂ လနီးပါးရှိလာပြီဖြစ်သည်။

တိုက်ပွဲအတွင်း ကတိုင်တိ၊ ဘောကြို့လယ်၊ ဇီးကုန်း၊ ကုလားကုန်း၊ မယ်ဘောခီး အစရှိသည့် ကတိုင်တိစခန်းအနီးရှိ ရွာများမှ လူဦးရေ (၁၀၀၀) ကျော်မှာ ဘီးလင်းမြို့နယ်အတွင်း စစ်ဘေး ရှောင်နေရပြီး လုပ်ကိုင်စားသောက်စရာမရှိသည့်အတွက် ရေရှည်ရပ်တည်ရေးခက်ခဲနေသည်ဟု ကတိုင်တိစစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“စစတုန်းက စစ်တပ်ကရွာထဲကိုလက်နက်ကြီးပစ်တော့ ကလေးတွေထိမှာကြောက်လို့ သူတို့ကို အရင်ပြောင်းပေးတယ်။ ကျနော်တို့လူကြီးတွေကတော့ နှမ်းတို့စပါးတို့လုပ်လက်စရှိတာ ဆက်လုပ်ပြီး နေတယ်။ ဘယ်လိုမှနေလို့မရတော့တဲ့အဆုံး ၁၂ လပိုင်းကတည်းက အကုန်ပြေးရတော့တာ အခုထိပဲ။ တာဝန်ရှိသူတွေက ကြည့်ပေးတယ်ဆိုပေမယ့် သားသမီးများတယ်လေ။ ဒီမှာလည်းလုပ်ကိုင် စားမတတ်ဘူး။” ဟု ဒေသခံအမျိုးသားက ပြောသည်။

အဆိုပါ စစ်ရှောင် (၁,၀၀၀) ကျော်တွင် အမျိုးသမီးနှင့်ကလေးငယ်ဦးရေ ပိုများပြီး လက်ရှိ ဘီးလင်းမြို့နယ်ထဲ ဘေးလွတ်ကင်းနိုင်သော နေရများ၌ ပြန့်ကြဲနေထိုင်ကြသည်ဟု သိရသည်။

စစ်ရှောင်များအနေဖြင့် တိုက်ပွဲနှင့်ဝေးရာသို့ ပြောင်းရွှေ့တိမ်းရှောင်ကြသော်လည်း စစ်ကောင်စီ၏ လေကြောင်းရန်က ရှိနေသေးပြီး ကေအဲန်ယူဘက်က တာဝန်ရှိသူတို့မှ စားသောက်စရာ ထောက်ပံ့မှုပေးသလောက် မိသားစုများ၍ မလောက်မငှဖြစ်ရသည်ဟု ၎င်းတို့ကြုံတွေ့နေရသည့်အခြေအနေကို ပြောပြသည်။

နောက်ထပ် ကတိုင်တိစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ကတော့ စခန်းသိမ်းမယ်ဆိုပြီး သတင်းကြားကတည်းက ၁၂ လပိုင်း ၁၃ ရက်ကတည်းကပေါ့ ပြေးရတာ။ စစပြေးတုန်းက သယ်လာတဲ့ စားစရာပါလာပါတယ်။ ရေရှည်ကျတော့အခက်အခဲရှိလာတယ်။ ဒီကြားထဲလည်း KWO လို ဖွဲ့အစည်းတွေက လာပေးတာနဲ့ပဲစားနေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏လေကြောင်းရန်ကြောင့် တစ်နေရာမှတစ်နေရာ ရွှေ့ပြောင်းစစ်ရှောင်နေရပြီး နေရာထိုင်ခင်းအဆင်မပြေဖြစ်ရသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတို့အနေဖြင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင်မည့်နေရာများ စီမံပေးရန် မျှော်လင့်ကြောင်းလည်း စစ်ရှောင်သူတို့က ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက KNLA ပူးပေါင်းတပ်၏ကတိုင်တိစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ၎င်းတို့စခန်းနေရာမှ ဆုတ်ခွာခဲ့ရသော်လည်း ၎င်းနားရှိနေသည့် နယ်ခြားစောင့်တပ်-BGF ၁၀၁၃ တပ်ရင်း၏စခန်းဟောင်းနေရာ၌ လူအင်အားစု ခုခံတိုက်ခိုက်နေသည်မှာ ယနေ့အထိဖြစ်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က စခန်းပတ်ဝန်းကျင်သို့ လေကြောင်းမှ တုန့်ပြန်တိုက်ခိုက်ခဲ့သလို လက်ရှိအချိန်ထိလည်း လေကြောင်းရော လက်နက်ကြီးပါသုံး၍ တိုက်ခိုက်မှုများဆက်လက်ရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။