Home သတင်း မြန်မာရှိ လူတစ်သန်းကို ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးမည်ဟု UK ထုတ်ပြန်

မြန်မာရှိ လူတစ်သန်းကို ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးမည်ဟု UK ထုတ်ပြန်

137

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ လူတစ်သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ထပ်တိုးရန်ပုံငွေပေးအပ်သွားမည်ဟု ယူကေအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး မစ္စတာအန်နလစ့်ဒေါ့ (Anneliese Dodds) က ထုတ်ပြန်ပြောသည်။

ယူကေအစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား စောင့်ရှောက်ခြင်း၊ အဟာရဆိုင်ရာ ထောက်ပံ့ခြင်းနှင့် ရောဂါကုသခြင်းစသည်တို့ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်လက်၍ UK အစိုးရအနေဖြင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရေး ရန်ပုံငွေသစ်ပေးအပ်မည်ဖြစ်ကာ ကျေးလက်နေလူထုများ ပြင်း ထန်သည့် ရာသာသီဥတု လျော့ပါးသက်သာစေရန်၊ ရေစီမံခန့်ခွဲမှုကို မြှင့်တင်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေရန် ရည်ရွယ်ပေးအပ်သွားမည်ဟု ယူကေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးက ယခုလို ပြောသည်။

“စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်မှစကာ လေးနှစ်အတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေတဲ့ကြားက ယူကေအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ကတိကဝတ်အတိုင်းအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးရန်နဲ့ ရာသီဥတု ဖောက်ပြန်ခြင်းဆိုင်ရာ ရေရှည်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထပ်တိုးအ‌ကူအညီများ ထောက်ပံ့ခြင်းဖြစ်ပါ တယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများအားဖြေရှင်းရန် ယူကေအစိုးရအနေနှင့် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကိုလည်း ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ မြန်မာနိုင်ငံတဝှမ်း လူသား ချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အ၀ရရှိစေရေးအတွက် ယူကေက ဦးဆောင်တောင်းဆိုခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

၎င်းအပြင် မြန်မာပြည်သူပြည်သားများလိုလားသည့် ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂတ်တစ်ခု တည်ဆောက်နိုင်ရေး ထပ်တိုးလုပ်ဆောင်သွားရန် ယူကေအစိုးရက တိုက်တွန်းကြောင်း ထုတ်ပြန် ပြောဆိုထားသည်။