Home သတင်း မြန်မာနယ်စပ်သို့ လောင်စာဆီ ရောင်းချမှု ရပ်ဆိုင်းရန် ထိုင်း PTT ကုမ္ပဏီ ပြင်ဆင်နေ

မြန်မာနယ်စပ်သို့ လောင်စာဆီ ရောင်းချမှု ရပ်ဆိုင်းရန် ထိုင်း PTT ကုမ္ပဏီ ပြင်ဆင်နေ

620

ဖေဖော်ဝါရီ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံနယ်စပ်သို့ လောင်စာဆီ (ဓါတ်ဆီ၊ ဒီဇယ်ဆီ) ရောင်းချမှုကို ရပ်ဆိုင်းရန် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနံလောင်စာဆီ ကုမ္ပဏီ PTT ကုမ္ပဏီက ပြင်ဆင်နေသည်ဟု ဘန်ကောက်ပိုစ့် သတင်းဌာန၌ ဖော်ပြထားသည်။

အဆိုပါ PTT ရေနံနှင့် လက်လီစီးပွားရေးလုပ်ငန်း (OR) သည် နယ်စပ်ရှိ ရာဇဝတ်ဂိုဏ်းများကို ထိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်း နေမှု မူဝါဒနှင့်အညီ လုပ်ဆောင်နေပြီး နယ်စပ်စစ်ဆေးရေးဂိတ် (၅) ခုမှ စက်သုံးဆီတင်ပို့မှုကို တားမြစ်ရန် အမျိုးသားလုံခြုံရေး ကောင်စီ (NSC) ရဲ့ တရားဝင်အမိန့်ကို စောင့်ဆိုင်းနေသည်ဟု နိုင်ငံတကာစီးပွားရေးလုပ်ငန်း OR ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ရက်ချာ အူထိုင်ချန်က ပြောဆိုသည်ဟု ဘန်ကောက်ပိုစ့် သတင်း၌ ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံ မြဝတီ၊ တာချီလိတ်၊ မြိတ်နှင့် ကော့သောင်းသို့ ဓာတ်ဆီနှင့် ဒီဇယ် တစ်လျှင် လီတာ သန်း ၂၀ ခန့် တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။ ဓာတ်ဆီနှင့် ဒီဇယ် ဆီများကို မြဝတီ- မဲဆောက် ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ ချစ် ကြည်ရေး တံတား အမှတ်-၂ မှတစ်ဆင့် အများစု တင်ပို့နေခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိ မြန်မာဘက်သို့ တင်ပို့မည့် လောင်စာဆီတင် ဆီဘောက်ဆာ ယာဉ်များ မဲဆောက်မြို့ စစ်ဆေးရေးဂိတ်များ၌ ဖြတ်ကျော်နိုင်ခြင်း မရှိသေးကြောင်း OR ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ရက်ချာ အူထိုင်ချန်က ပြောသည်။

ယခုလို ထိုင်းနိုင်ငံက လောင်စာဆီ တင်ပို့မှု ဆိုင်းငံ့နေသည့် အတွက် မြဝတီမြို့တွင် ယမန်နေ့က စက်သုံးဆီ ဆိုင်များ၌ ပြည်သူ များ တန်းစီ ဝယ်ယူနေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Source: Bangkok Post