Home သတင်း ဘီးလင်းရှိ မဲပလီစခန်းကို ကေအဲန်ယူ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်မှူးအဆင့်အပါအဝင် ၂၀ ကျော်အရှင်ဖမ်းမိ

ဘီးလင်းရှိ မဲပလီစခန်းကို ကေအဲန်ယူ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်မှူးအဆင့်အပါအဝင် ၂၀ ကျော်အရှင်ဖမ်းမိ

641

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ မဲပလီ(မယ်ပရေးခီး)စခန်းကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရမိသည်ဟု ကေအဲန်ယူက ပြောသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယခင်လ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက အတည်ပြုပြောသည်။

ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက “ ၁၁ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ အခုအကုန်လုံး ရှင်းလင်းနိုင်ခဲ့ပြီး။ လက်နက်ကြီး၊ လက်နက်ငယ်တွေ အစုံရတယ်။ စာရင်းအတိအကျတော့မရသေးဘူး။ ဗိုလ်မှူးအဆင့် နှစ်ယောက်အပါအဝင် အယောက် ၂၀ ကျော် ဖမ်းဆီးရမိထားတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စခန်းကို စတင်တိုက်ခိုက်သည့်အချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မှုအပြင် လေကြောင်းစစ်ကူများ အပြင်းအထန်လုပ်ဆောင်သည့်အတွက် အနီးအနားရှိ လူနေအိမ် ၆ လုံးခန့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ကေအဲန်ယူက ပြောသည်။

ထို့အပြင် ၎င်းစခန်းသိမ်းတိုက်ပွဲကြောင့် မဲပလီခီးကျေးရွာအုပ်စုနှင့် (အီးစူခီး)အစူးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသလို စာသင်ကျောင်းများလည်း ယခုအချိန်ထိ ပိတ်ထားရသည်ဟု သိရသည်။

အဆိုပါ မဲပလီစခန်းတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၀၅ အခြေချတပ်စွဲထားပြီး တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိသည်ဟု KNU စစ်ရေးသတင်းအရင်းအမြစ်က ခန့်မှန်းပြောဆိုသည်။