Home သတင်း ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်ခြေမှုန်းသွားမည်ဟု တရုတ်ပြော

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်ခြေမှုန်းသွားမည်ဟု တရုတ်ပြော

210

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်း ထိုင်း၊ မြန်မာနိုင်ငံတို့နှင့် ပူးပေါင်း၍ နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို အမြတ်ပြတ်ခြေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က ပြောဆို လိုက်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု ဆိုးသွမ်းသည့် ကိစ္စရပ်များ ဖြစ်ပွားနေပြီး သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေသည်ဟု တရုတ်နိုင်ငံအနေဖြင့် လက်ခံယူဆထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

“ဒေသတွင်းနိုင်ငံများရဲ့ ဘုံအကျိုးစီးပွားကာကွယ်ခြင်းအတွက် မဖြစ်မနေရွေးချယ် ရမယ့် လုပ်ဆောင်မှုဖြစ်တယ်။ နိုင်ငံအသီးသီးက ပြည်သူများရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပြုပြောဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု အစီအမံများ ပြဿနာအရင်း အမြစ်ဖြေရှင်းခြင်း၊ ရာဇဝတ်သားများ သက်ဆိုင်ရာနိုင်ငံများတွင် ပြစ်မှုကျူးလွန်ခြင်းမှ အတူတကွ တားဆီး ခြင်းကို တက်ကြွစွာဖော်ဆောင်နေသည်ဟု တရုတ်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကရင်နယ်ခြားစောင့်တပ် -BGF အနေဖြင့် ၎င်းတို့နယ်မြေထဲတွင် လူကုန်ကူးခြင်းအပါအဝင် အွန်လိုင်း ငွေလိမ်လောင်းကစားလုပ် ငန်းများကို အစိုးရ၊ နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖြတ်သွားရန် အသင့်ရှိသည်ဟု ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ရာဇဝတ်မှုနှင့် ငွေလိမ်လုပ်ငန်းများကို တားဆီးနှိမ်နင်းသည့် အနေဖြင့် ဖေဖော်ဝါရီ ၅ ရက်နေ့ မှစ၍ ထိုင်း-မြန်မာနယ်စပ် နေရာ ၅ ခုကို လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းခဲ့သည်။