Home ဆောင်းပါး ထိုင်း၏ ပိတ်ဆို့မှု သင်ခန်းစာ

ထိုင်း၏ ပိတ်ဆို့မှု သင်ခန်းစာ

279

ထိုင်း၏ ပိတ်ဆို့မှု သင်ခန်းစာ

(ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅) ကေအိုင်စီ

ထိုင်းနိုင်ငံက နယ်စပ်ရှိ အွန်လိုင်းငွေကြေးလိမ်ကျားဖြန့် လုပ်ငန်းများနှင့် ရာဇဝတ်မှုများ တားဆီး၊ နှိမ်နင်းရန် မြန်မာဘက်ခြမ်း နယ်စပ် ၅ နေရာကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ လျှပ်စစ်မီးနှင့် လောင်စာဆီရောင်းချမှုကို ဆိုင်းငံ့ပိတ်ဆို့ လိုက်သည်မှာ အများအသိ ဖြစ်သည်။

ယခုလို ပိတ်ဆို့ပြီး ရက်သတ္တပတ်အကြာ လူတစ်သိန်းကျော်နေထိုင်သည့် မြဝတီမြို့၌ ဓါတ်ဆီ၊ ဒီဇယ် ပြတ်လပ်မှု ကို ဒေသခံပြည်သူတို့ ကြုံတွေ့နေရပြီး ဖြစ်သည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းချိန်တွင် မြဝတီမြို့ တစ်ဖက် ကမ်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ စက်သုံးဆီ သွားဝယ်မည့်ကားများ အမှတ်-၁ ချစ်ကြည်ရေးတံတားထိပ်၌ တန်းစီ နေသည်မှာ ကားတန်းရှည်ကြီး ဖြစ်၍နေသည်။

“အိမ်ကနေ ကားအုံနာဘုတ် မြဝတီကို လူကြုံနဲ့ ပို့ပေးဖို့လှမ်းတောင်းထားတယ်။ ကားအုံနာဘုတ်ရှိမှ ထိုင်းဘက် ဆီသွားဝယ်လို့ ရမှာ” ဟု စီးပွားရေး လုပ်ငန်းကိစ္စတစ်ခုဖြင့် မြဝတီသို့ ခေတ္တရောက်ရှိလာသူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယခုလို ထိုင်းက လျှပ်စစ်မီးထက် စက်သုံးဆီရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်းသည် မြဝတီမြို့ခံတို့အတွက် အတော် အထိနာသွားသည်။ အဘယ်ကြောင့်ဆိုသော် ဆယ်စုနှစ်နှင့် ချီ မြန်မာနယ်စပ်တလျှောက်က ထိုင်းစက်သုံးဆီကို သာအဓိကဝယ်ယူ သုံးစွဲနေရ၍ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးနှင့် နေ့တဓူဝ ကိစ္စရပ်များအတွက် ယနေ့ခေတ် ၌ ဓါတ်ဆီ၊ ဒီဇယ်ဆီ မရှိလျှင်အတော်ခက်ခဲမည်မှာ အများအသိဖြစ်သည်။

မြဝတီသို့ စက်သုံးဆီရောင်းချမှု ပိတ်ပင်လိုက်ခြင်းသည် မြဝတီနှင့် ဝေးသည့် နယ်စပ်တလျှောက် ကီလိုမီတာ ၁၀၀ ကျော်ဒေသထိ ဂယက်ရိုက်ခတ်မှုရှိခဲ့ပြီး နယ်စပ်တလျှောက်ရှိ အချို့ကျေးရွာဒေသခံများ စစ်သုံးဆီကို တစ်ပိုင်တစ် တနိုင် ဝယ်ယူစုဆောင်းထားမှုများလည်း ဖြစ်ပွားခဲ့သည်။

ပြဿနာ နောက်ခံ အကြောင်းအရင်းများ

မြဝတီဒေသသို့ ကျားဖြန့်လုပ်ငန်းများ ရောက်ရှိလာမှုသည် ရှမ်းမြောက် ရှိကျားဖြန့်လုပ်ငန်းများ၂၀၂၃ ခုနှစ်အတွင်း ဖြိုခွဲခံရပြီးနောက် မြဝတီဒေသဘက်သို့ ရွှေ့လာသည်ဟု ပြောဆိုမှုများ ရှိသည်။

သို့သော် BGF ဖြစ်တည်လာပုံနှင့်လည်း ဆက်စပ်နေသည်။ ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအရ တစ်ခုတည်း သောလက်နက်ကိုင် အဖွဲ့သာရှိရမည်ဆို၍ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ထိုစဉ်က နအဖက အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။

ထိုစဉ်က ကရင်ပြည်နယ်တွင် နအဖ နှင့် ငြိမ်းချမ်းရေးယူထားသည့် DKBA က တပ်ဖွဲ့ဝင်အချို့ဖြင့် ကရင်နယ်ခြား စောင့်တပ်-BGF ကိုဖွဲ့စည်းခဲ့သည်။ စစ်တပ်က ယခင်ဗျူဟာဟောင်းအတိုင်း ၎င်းတို့ လမ်းစဉ်ပေါ်ရောက်လာသူ လက်နက်ကိုင်များကို စီးပွားရေးအခွင့်အလမ်းများ ပေးပြီး တောတွင်းကျန် လက်နက်ကိုင်များ အားကျစေရန် ရည်ရွယ်ခဲ့သည်။

ကရင်နယ်ခြားစောင့်တပ်သည်လည်း ထိုအချိန်မှစ၍ ဖားအံမြို့ပေါ်တွင် နာမည်ခံ၍သော်လည်းကောင်း၊ နီးစပ်ရာ ကိုနာမည်ခံခိုင်း၍သော်လည်းကောင်း ဟိုတယ်များ၊ ပန်းခြံများ စသဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

ထို့အပြင် နယ်စပ်ဒေသ၌လည်း တစ်ပတ်ရစ်ကားများအပါအဝင် ကုန်ပစ္စည်းတို့ ကုန်သွယ်မှုပြုလုပ်ခဲ့သည်။ ထိုမှ တစ်ဆင့် ခြေလှမ်းကျယ်လာပြီး ကာစီနို လောင်းကစားရုံများ တည်ဆောက်ဖွင့်လှစ်သည်အထိ ဖြစ်လာခဲ့သည်။

နိုင်ငံလှည့် ကျားဖြန့် ဂိုဏ်းများက ငွေလိမ်လုပ်ငန်းသည် တရားဝင်လိုင်စင်ရယူလုပ်ကိုင်၍ ရသည့်အလုပ်မဟုတ်။ ထို့ကြောင့် အစိုးရအာဏာအပြည့်အဝ မသက်ရောက်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတန်အသင့်ရ လက်နက်ကိုင် ဒေသ များ၌ အခြေချရန် အကောင်းဆုံးဖြစ်၍ ယခုလို ရှမ်းမြောက်မှ တစ်ဆင့် မြဝတီဒေသသို့ အဆင့်ဆင့် ရွှေ့ ပြောင်း လာခဲ့ခြင်း ဖြစ်သည်။

“တရုတ်ဗျူဟာ ဘေးထွက်အကျိုးလို့ ပြောလို့ရတယ်။ အရင် ဦးသန်းရွှေခေတ်ကတည်းက တရုတ်က စစ်ဗိုလ်ချုပ် တွေနဲ့ စီးပွားရေးလုပ်ပြီး စစ်ဗိုလ်ချုပ်တွေ ငွေချမ်းသာလာတော့ အာဏာကို ပိုမက်လာတယ်။ ဒီမိုကရေစီ နိုင်ငံ ထက် အာဏာရှင်ဆို တရုတ်က ပိုကိုင်တွယ်လို့ ကောင်းတယ်လေ။ ဒီလိုပဲ စစ်ဗိုလ်ချုပ်တွေကလည်း ငြိမ်းချမ်းရေး အဖွဲ့တွေကို စီးပွားရေးအခွင့်အလမ်းနဲ့ မက်လုံးပေးတဲ့ ဗျူဟာသုံးခဲ့တယ်။ ငွေရှာရင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ် သွားတာပဲ” ဟု အလွတ်တန်းသုတေသီ တစ်ဦးက မှတ်ချက်ပြုပြောသည်။

ဝမ်ရှင်း ဂယက်

ယခုနှစ်ဆန်းပိုင်းတွင် တရုတ်ရုပ်ရှင် သရုပ်ဆောင်ဝမ်ရှင်းကို မြဝတီ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခု၌ လူကုန်ကူးခံရမှု ဖြစ်ပွားပြီးနောက် မြဝတီဒေသတွင် လူကုန်ကူးမှု ကျားဖြန့်လုပ်ငန်းများတွင် လိမ်ညာစေခိုင်းခံရမှု စသည့် သတင်းများ ဆက်တိုက်ထွက်ပေါ်လာသည်။

တရုတ်နိုင်ငံကလည်း မြဝတီ ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် ထိုင်းနှင့် မြန်မာနိုင်ငံတို့အား ဖိအားပေး တိုက်တွန်း လာခဲ့သည်။

ရှမ်း အရှေ့မြောက်တွင် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်၍ ထိုဒေသရှိ နယ်ခြားစောင့်တပ်ကို တရုတ်က ဖြိုခွဲ ခဲ့ပြီး စစ်ကောင်စီကလည်း အကာအကွယ်မပေးနိုင်သည့် အခြေအနေဖြစ်ခဲ့သည်ကို သိထားပြီးဖြစ်သည့် ကရင် နယ်ခြားစောင့်တပ်ကလည်း ၎င်းတို့ ဒေသတွင်း ကျားဖြန့် နှိမ်နင်းရေးကို အထူးပြု အလေးထားလုပ်ဆောင်လာခဲ့ သည်။

ဝမ်ရှင်းကို ကိုယ်တိုင် ရှာဖွေ ပြန်ပို့ပေးခဲ့သလို နယ်မြေထဲရှိ တရုတ်လုပ်ငန်းရှင်များကိုလည်း လူကုန်ကူးမှု၊ အွန် လိုင်း ငွေလိမ်လုပ်ငန်းများနှင့် ရာဇဝတ်လုပ်ငန်းများ မလုပ်ကိုင်ရန် ခေါ်ယူသတိပေးပြောဆိုသည်။ လိုက်နာမှု မရှိလျှင် အရေးယူမည်ဟု ပြောခဲ့သည်။

“အခု ဖြစ်သွားတာက ကျနော်တို့ မြန်မာဘက်ခြမ်းဆိုပေမယ့် ထိုင်းဘက်ခြမ်းကလည်း ပါဝင်ပတ်သက်မှု ရှိတာပဲ။ အဲ့ဘက်က ပါဝင်ပတ်သက်မှုမရှိရင် ဒီဘက်ကို ရောက်လာစရာအကြောင်းမှ မရှိတာ” ဟု BGF တာဝန်ရှိသူက ပြောဆိုခဲ့သည်။

ယခုလို ထိုင်းဘက်က ပါဝင်ပတ်သက်မှု ရှိသည့်အပေါ် သတင်းများ၌ အကျယ်တဝင့်ဖော်ပြမှုမျိုး မတွေ့ရသော် လည်း ထိုင်းအာဏာပိုင်များက ပါဝင်ပတ်သက်သူများ အနည်းငယ်ရှိသည်ဟု ဝန်ခံထားသည်။

ထိုင်းနိုင်ငံသား ၂ ဦး ပါဝင်ပတ်သက်မှု ရှိပြီး ထိုသူတို့သည် မြဝတီ အပန်းဖြေဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခု ၏ ဒါရိုက်တာ နှင့်ဝန်ထမ်းဖြစ်သည်။ ၎င်းအပြင် ဟန်ချန်း ကာစီနိုပိုင်ရှင်လည်း ပါဝင်သည်ဟု ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (DSI) ၏ အစီရင်ခံစာကို ကိုးကား၍ ထိုင်း Thai PBS သတင်းဌာန က ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

“လုပ်နေတဲ့ သူတွေက ပြောရရင် လက်ဝါးဆိုတာ တစ်ဖက်ထဲ တီးရင် မမြည်ဘူးလေ။ ပြောရရင် ဒီဘက်က လက်ခံတဲ့သူ ရှိ သလို ဟိုဘက်က ပို့တဲ့သူလည်း ရှိနေလို့ပေါ့” ဟု BGF တပ်နယ်(၃)၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမောင်ဝင်းက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် BGF က ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသူ ၆၁ ဦးကို ပြန်ပို့ ခဲ့ပြီး ယခု ရာနှင့်ချီ ထပ်မံ ပြန်ပို့ရန် စီစဉ်နေပြီး ဖြစ်သည်။

အလားတူ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ကလည်း ၎င်းတို့ဒေသတွင် လူကုန်ကူးခံရသူ ၁၀၀ ဦး ကျော်ကို ကယ်တင်လွှဲပြောင်းပေးရန် လိုအပ်သည်များ စိစစ်၊ ချိတ်ဆက်လုပ်ဆေင်နေသည်ဟု ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြောဆိုသည်။

ယခုနှစ်ဆန်းပိုင်း မြဝတီဒေသ ကျားဖြန့် လုပ်ငန်းများအကြောင်း တကျော့ပြန် ဂယက်ထလာသည့် တရုတ် မင်းသား ဝမ်ရှင်း ဇန်နဝါရီ ၃ ရက်နေ့တွင် ပျောက်ဆုံးပြီး ၇ ရက်နေ့တွင် ပြန်တွေ့ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လ အကြာ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်မူ ထိုင်းက မြန်မာ နယ်စပ် ၅ နေရာသို့ လျှပ်စစ်နှင့် လောင်စာဆီ တင်ပို့ မှုကို ရပ်ဆိုင်းလိုက်သည်အထိ တစ်လအတွင်း မြန်ဆန်စွာ ဖြစ်ပျက်သွားသည်ဟု ဆိုနိုင်သည်။

ထိုမျှမက BGF ခေါင်းဆောင်ပိုင်းများကို ဖမ်းဝရမ်းထုတ်ရန်ပင် စီစဉ်နေသည်ထိ ဖြစ်လာခဲ့သည်။

ထိုင်း ဆန်ရှင် သင်ခန်းစာ

ယခုလို ထိုင်းက ဗြန်းစားကြီး လျှပ်စစ်နှင့် လောင်စာဆီ ပိတ်ဆို့လိုက်ခြင်းသည် ပစ်မှတ်ထားရာ ကျားဖြန့် လုပ်ငန်း များ ထိခိုက်မည်ဖြစ်သော်လည်း လောလောလတ်လတ် နယ်စပ်နေပြည်သူများ နေ့စဉ်လူမှုဘဝ အခက်အခဲကို ပို၍ ခံစားခဲ့ရသည်။

ဘုရားသုံးဆူမြို့ လျှပ်စစ်နှင့် လောင်စာဆီ ဖြတ်တောက်ခံရ၍ ထိခိုက်သူများမှာ နှစ်နိုင်ငံပြည်သူများသာ ဖြစ်သည်ဟု DKBA အမှတ်(၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေဝမ်းက မှတ်ချက်ပြုပြောသည်။

ထိုင်းနိုင်ငံဘက်ကမူ ယခုလို ငွေလိမ်လုပ်ငန်းများကြောင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းလူမျိုး ငါးသိန်း ကျော် ငွေလိမ်ခံရပြီး ထိုင်းဘတ် ၆၀ ဘီလီယံကျော် ဆုံးရှုံးခဲ့သည်ဟု ပြောသည်။ ၎င်းအပြင် တရုတ်မင်းသား ဝမ်ရှင်း ကျားဖြန့်လုပ်ငန်းသို့ လူကုန်ကူးခံရသည့် ဂယက်ကြောင့် ထိုင်းသို့ ခရီးမသွားရန် တိုက်တွန်းပြောဆိုမှုများ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံပုံရိပ်ကျဆင်းခဲ့ရသည်။ ထို့ကြောင့် ထိုင်းပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ယခုလို ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

စင်စစ် နယ်စပ်ဒေသတလျှောက် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့် လောင်စာဆီသာမက အထွေထွေသောထုတ်ကုန် များကို မြန်မာနယ်စပ်နေထိုင်သူတို့ အားထားနေရသည်မှာ အများအသိဖြစ်သည်။ ထို့အတွက် ယခုလို ဖြတ်တောက်မှု ကြုံလာပါက မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို ကြိုတင်ပြင်ဆင်ထားရန်လိုပြီး ဖြစ်သည်။

ယခု ဖြစ်စဉ်များသည် နှစ်ကာလကြာ နယ်စပ်အခြေပြုတော်လှန်ရေးအဖွဲ့များအတွက်မူ အိမ်နီးချင်းနိုင်ငံ၏ အကျိုး စီးပွားထိခိုက်သည့် ဖြစ်ရပ်များကို ဆိုင်ရာနိုင်ငံတို့က လက်မခံကြောင်းကို ခေါင်းလောင်းထိုးသတိပေးလိုက်သည့် သဘောဖြစ်သည်။