ဖေဖော်ဝါရီ ၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီ (ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများသို့ စစ်ကောင်စီက လေကြောင်းမှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ၃၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
ယခုလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ကိုယ်ဝန် ဆောင်မိခင်တစ်ဦး၊ ကလေးတစ်ဦး အပါအဝင် ပြည်သူ ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ပြည်သူ့တို့၏ နေအိမ်အဆောက်အဦး ၁၈ လုံးပျက်စီးခဲ့ရသည်ဟု လချုပ်စာရင်း၌ ဖော်ပြထားသည်။
ယခုလိုစစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ချက်များကို တရားမျှတမှု ပြန်လည်ရရှိ နိုင်ရေးအတွက်မှတ်တမ်းတင်ထားပြီး ထိခိုက်နစ်နာသူများကိုလည်း အတတ်နိုင်ဆုံးကူညီပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ-IECမှ အတွင်းရေးမှူး(၂)ကပြောဆိုသည်။
“ပထမအချက်အနေနဲ့ကတော့ အခုလိုစစ်တပ်ကပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ကျနော်တို့အနေနဲ့ မှတ်တမ်းတင်ထားတယ်ဆိုတာကို ပြောချင်တယ်။ ပြီးတော့အဲ့ဒီမှတ်တမ်းက ဘယ်တော့မှ ပျောက်သွားမှာလည်း မဟုတ်ဘူး။ ပြီးတော့ နစ်နာသူတွေကိုလည်း ကျနော်တို့ဘက်ကအတတ်နိုင်ဆုံး ကူညီပံ့ပိုး မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ဒေသ၌ စစ်ကောင်စီက နယ်မြေပြန်စိုးမိုးရန် စစ်ကြောင်းထိုးလာသည့်အတွက် ဇန်နဝါရီလအတွင်း မြေပြင်နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ ဘက်ပြောင်းခိုလှုံလာသူ ၁၀ ဦး ထိရှိသည်ဟု KNDF လချုပ်စာရင်း၌ ဖော်ပြထားသည်။
အလားတူ ဇန်နဝါရီလအတွင်း ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ် ၃၉ လက်ကို သိမ်းဆည်းရမိခဲ့ပြီး KNDF ရဲဘော် ၆ ဦး ကျဆုံးခဲ့သည်ဟု ၎င်းလချုပ် စာရင်း၌ ဖော်ပြထားသည်။