ဖေဖော်ဝါရီလ ၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တော်လှန်နေခြင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေး တစ်ခုအတွက်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်ဟု သူရဘွဲ့ ချီးမြင့်ခြင်းခံရသူ KNLA ၏ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကျရောက်သည့် ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)-(ဗဟို) စစ်ဌာနချုပ်က ဗိုလ်မှူးစောကိုကို (ခ) ဗိုလ်မှူး စောဒါဘောကို သူရဘွဲ့ ချီးမြှင့်ပြီးနောက် ၎င်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့ ထုတ်ပြန်သည်။
“ငါတို့တစ်မျိုးသားလုံးအတွက်ပဲ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေလွတ်မြောက်ဖို့အတွက် ငါတို့တိုက်ပွဲဝင်နေကြတာဖြစ်တယ်” ဟု စောဒါဘောက ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဗိုလ်မှူးစောဒါဘောကို ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ဘဲ စစ်ကောင်စီ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်ဆီးနိုင်ခဲ့သည့် ရဲစွမ်းသတ္တိနှင့်အတူ ခေါင်းဆောင်မှု အရည်အချင်းပြည့်မီသော ဗိုလ်မှူးတစ်ဦးအဖြစ် သူရဘွဲ့တံဆိပ်ကို (KNLA)-(ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ထိုသို့ ချီးမြှင့်ရခြင်းသည် ဗိုလ်မှူးစောဒါဘောအနေဖြင့် ရန်သူများကို ချေမှုန်းတိုက်ဖျက်ရာတွင် အချက် ၄ ချက်ကို အခြေခံ၍ ဘွဲ့တံဆိပ် လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် စစ်ကောင်စီတပ်ကို ချေမှုန်းတိုက်ဖျက်ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း အထက်မှ အဆင့်ဆင့် သောခေါင်းဆောင်များ၏ ထောက်ခံချက်အပြင် သူ၏ကွပ်ကဲမှုအောက်တွင် အတူတိုက်ပွဲဝင်သူများ (၃) ဦး၏ ထောက်ခံမှုအပေါ် ကာကွယ်ရေးဌာနမှူးအတည်ပြု လက်မှတ်ရေးထိုးခြင်း၊ ကောင်းမွန်သော အုပ်ချုပ်ကွပ်ကဲမှုနှင့် စစ်ရေးအရ ထိုးထွင်းကြံဆမှုရှိ၍ ဖြစ်ကြောင်း KNU မှ ထောက်ပြသည်။
ထို့အပြင် တိုက်ပွဲတွင် ရဲစွမ်းသတ္တိပြည့်စုံစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းခြင်းနှင့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ချိနဲ့အားနည်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တို့ကြောင့် သူရဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် အသိပေးပြောဆိုသည်။



















