Home သတင်း ကရင့်လက်နက်ကိုင် ၄ ဖွဲ့ကျင်းပသည့် ကရင်အမျိုးသားနေ့ လူထုတစ်ထောင်နီးပါး ပူးပေါင်းပါဝင်

ကရင့်လက်နက်ကိုင် ၄ ဖွဲ့ကျင်းပသည့် ကရင်အမျိုးသားနေ့ လူထုတစ်ထောင်နီးပါး ပူးပေါင်းပါဝင်

388

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅၊ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံ-KNU အပါအဝင် ကရင့်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့စုပေါင်းပြီး ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ကို ပိုင်ကျုံမြို့နယ်၊ ဝင်းဖရားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံလူထုတစ်ထောင်နီးပါး ပါဝင်ပူးပေါင်းတက်ရောက်ခဲ့ကြသည်။

ကေအဲန်ယူ ပိုင်ကျုံမြို့နယ်က ဦးဆောင်ပြီး နယ်ခြားစောင့်တပ်-BGF၊ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်- DKBAနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PCတို့က ပူးပေါင်းပါဝင်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံ
ပါတီခေါင်းဆောင်များ၊ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး -KWO အပြင် ပိုင်ကျုံမြို့နယ် အတွင်းရှိ ဒေသခံများက ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဒေသတွင်းမတည်ငြိမ်မှုများဖြစ်ပေါ်နေသည့်အပြင် စစ်ကောင်စီ၏ လေကြောင်းရန် စိုးရိမ်မှုများရှိသည့် ကြားကပင် ဒေသခံများက စိတ်ဝင်တစား ပူးပေါင်း ပါဝင်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားတွင် ယခင် ၁၉၄၈ ခုနှစ်တွင် ကရင်လူထုများ ကရင်ပြည်ရရှိရေး ဆန္ဒဖော် ထုတ်ပြသသည့်နည်းအတိုင်း တောင်းဆိုချက် ၄ ရပ်ပါ ဆိုင်းဘုတ် များကို ကိုင်ဆောင်၍ ဒေသခံများက အသံ တိတ် ဆန္ဒဖော်ထုတ်သည့် သရုပ်ပြချီတက်လမ်းလျှောက်မှု ပြုလုပ်ခဲ့သည်။

ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ လက်နက်ကိုင်ခေါင်းဆောင်အချို့နှင့် ဘာသာရေး ခေါင်းဆောင်အချို့မှ ကရင်အမျိုးသားနေ့နှင့် ပတ်သက်ပြီး အားပေးတိုက်တွန်းဂုဏ်ပြု အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

ယနေ့ အခမ်းအနားသို့ BGF ကိုယ်စားတက်ရောက်လာသူ စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောကြာအင်းက ကရင် လူမျိုးများ မိမိကျရာကဏ္ဍ ပူးပေါင်းပါဝင်၍ ကရင့်အရေးကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ကရင် လူမျိုးများ စည်းလုံးညီညွတ်ကြရန် ယခုလို အားပေးတိုက်တွန်းပြောဆိုခဲ့သည်။

“ကျနော်တို့တတွေဟာ တကွဲတပြားစီ နေထိုင်ကြတာရှိပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့အသိစိတ်နဲ့ ကျရာနေရာ ကျရာကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလို ပါတယ်။ ကျနော်တို့ စစ်သား တွေက စစ်တိုက်ကြမယ်။ ဘာသာရေးခေါင်းဆောင်တွေက စည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကရင်အမျိုးသားအားလုံး ကျရာကဏ္ဍမှာ စုပေါင်း ညီညာစွာနဲ့ ဆိုး တိုင်ပင် ကောင်းတိုင်ပင် ဆောင်ရွက်ကြဖို့ လိုမယ်လို့ ကျနော်ပြောကြားလိုပါတယ်။” ဟု ပြောကြားသည်။

၎င်းအပြင် လာမည့်နှစ်များတွင်လည်း ၎င်းတို့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်း၍ ယခုနှစ်ထက် ကြီးမားခမ်းနားသည့် ကရင်အမျိုးသားနေ့ကို ပြုလုပ်ကျင်းပသွားရန် ဆန္ဒရှိကြောင်းလည်း ဗိုလ်မှူးချုပ် စောကြာအင်းက ဆက်ပြောသည်။

ပိစခတောင်စွန်းကျေးရွာသား မန်းအဖောင်ကလည်း “ ဒီအမျိုးသားနေ့မျိုးကို လွန်ခဲ့တဲ့ နှစ် ၁၀ ကျော်ကတည်းကကြားပဲကြားဖူးတာ။ ဒီလို တစ်ခါမှ ပါဝင်ခွင့် မရခဲ့ဖူးဘူး။ ဒီနေ့ကို ကိုယ်တိုင် ရောက်လာ တော့ ဗဟုသုတ အများကြီးရတယ်။ ဒီနေ့လိုအခမ်းအနားမျိုးကို မတက်ရောက်လာနိုင်တဲ့သူတွေလည်း နောက်နှစ်တွေမှာ ကိုယ်တိုင်ပါဝင်တက်ရောက်နိုင်ဖို့ဆန္ဒပြုပါတယ်။” ဟု အခမ်းအနားပြီး ကေအိုင်စီသို့ ပြောဆိုခဲ့သည်။

ယနေ့ကျရောက်သည့် ကရင်အမျိုးသားနေ့ကို ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေဒေသအသီးသီးတွင်လည်း ဒေသတည်ငြိမ်မှုအပေါ်လိုက်၍ ပြုလုပ်ကျင်းပကြသလို ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်လည်း အစဉ်အလာမပျက် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားနေ့သည် မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ်ပြုမှုနေ့မဟုတ်သော်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် တရားဝင် ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်အဖြစ် အသိအမှတ်ပြု သတ်မှတ်ထားသည်။

၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃-၂၅ ရက်နေ့များတွင် ဖာပွန်မြို့၌ ကျင်းပသော ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ဖေဖော်ဝါရီ (၁၁)ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပရန် မြစ်ဝကျွန်းပေါ် အမှတ်(၁)ခရိုင်ဥက္ကဋ္ဌ စောကျော်အေးက အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်အပေါ် မြစ်ဝကျွန်းပေါ် အမှတ်(၁) တပ်မမှူး ဗိုလ်ချုပ်ကော်ထူး၏ ထောက်ခံမှုကို ကွန်ဂရက်ကိုယ်စားလှယ်များက ကန့်ကွက်သူ လုံး၀မရှိဘဲ တညီတညွတ်တည်းအတည်ပြုလိုက်ရာ ကရင်လူထုဆန္ဒထုတ်ဖော်ပွဲဖြစ်သည့် ဖေဖော်ဝါရီလ (၁၁)ရက် နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။