အတိတ်အရိပ်မှ ရုန်းထွက် ရှင်သန်သူ
နန်းဝေဖြိုးဇာ (ဇန်နဝါရီ ၁၃၊ ၂၀၂၅)
“အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်ပြတ် သွားတယ်။ ဗမာစစ်တပ်က နင်တို့ နင်းမိလိုက်တဲ့ မိုင်းကို လျော်ကြေးငွေ သုံးထောင်ကျပ် ပေးရမယ်ဆိုပြီး အလျော်လာတောင်းတော့ မပေးနိုင်လို့ ပြေးရတယ်”
အသားညိုညို၊ ပိန်ပိန်ပါးပါး အရပ် ၅ ပေကျော်၊ အသက် ၅၃ နှစ်အရွယ် ယာဖက်ခြေတုတပ်ထားသည့် အမျိုးသမီးတစ်ဦးက အတိတ်(ယခင်အချိန်)က သူမကြုံခဲ့ရသည့် ဖြစ်စဉ်ကို သာမန် ဖြစ်ရပ်တစ်ခုသဖွယ် ပြန်ပြောပြသည်။
ထိုနေ့က မိုးအကုန်ဆောင်းအကူး စပါးခင်းတို့ ဝင်းဝါစချိန်နေ့ရက် တစ်ရက်ဖြစ်သည်။ ထိုနေ့ နေ့ခင်း အချိန်တွင် သူမက အိမ်၌ မွေးမြူထားသည့် နွားများကို စပါးခင်းသို့ လွှတ်ရာသို့ သွားကျောင်းချိန် ဖြစ်သည်။
“ဝုန်း” ဆိုပြီး အသံကြားရကာ ခန္ဓာကိုယ်တစ်ခုလုံးထူပူသွားပြီးနောက် သူမသတိမေ့သလို ဖြစ်သွားသည် ။ ခဏအကြာ သတိပြန်ဝင်ချိန်တွင် သူမခြေထောက်ညာဖက်၌ သွေးသံရဲရဲ ကြေမွသွားသည်ကို တွေ့ရ သည်။ ထိုအချိန်တွင် သူမစိတ်ထဲ မိုင်းနင်းမိပြီး ဆိုသည်ကို သတိရသွားခဲ့သည်ဟု သူကဆိုသည်။
သူမ နာမည်မှာ နော်အေးအေးနိုင်ဖြစ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၁)/ဒူးသထူခရိုင်၊ ဖားအံမြို့နယ်၊ နို့လာကျေးရွာမှာနေထိုင်ရင်း ယခုလို ဖြစ်ရပ်ဆိုး ကြုံခဲ့ရခြင်းဖြစ်သည်။ ထိုကာလအတွင်းက ကေအဲန်ယူနှင့် ဗမာစစ်တပ်ကြားမှာ တိုက်ပွဲပြင်း ထန်သည့်ကာလ ဖြစ်ပြီး ထိုရွာ၌ မြန်မာစစ်တပ်က စခန်းလာချ ထားချိန် ဖြစ်သည်။
ဗမာစစ်တပ်အနေဖြင့် ရွာထဲသို့ ကေအဲန်ယူတပ်ဖွဲ့ဝင်များ အလွယ်တကူ ဝင်၍မအောင်ရည်ရွယ်ကာ ရွာပတ်ပတ်လည် မြေမြှုပ်မိုင်းများ ထောင်ထားသည်။ မိုင်းများကြောင့် ဆွမ်းခံနေသည့် ဘုန်းကြီးနှင့် ကိုယ်ရင်များအပါအဝင် လူကြီးလူငယ် အများအပြား မိုင်းနင်းမိပြီး ဒုက္ခိတဖြစ်သူများရှိသလို အသက်သေဆုံးသူများလည်း ရှိခဲ့သည်။
“အဲဒီအချိန်တုန်းက မိုင်းကတော့ တစ်ရွာလုံးပဲသူတို့လိုက်ထောင်တယ်။ ကံမကောင်းရင်တော့ မိုင်းနင်း မိသွားတာ ပေါ့။ ပြောရမယ်ဆိုရင် တချို့ဆို အိမ်ရှေ့လှေကားခြေရင်း၊ ပြီးတော့ ရေအိုးစင် တွေ အထိတောင် သူတို့မိုင်းလာ ထောင်တယ်။ အဲလောက်အထိ ဆိုးတာ” ဟု သူမက ပြန်ပြောင်း ပြောပြသည်။
မိုင်းနင်းမိသူများကို ရွာ၌ စခန်းချထားသည့် စစ်တပ်က ကူညီပေးခြင်းမရှိသည့်အပြင် နိုင်ထက် စီးနင်းပြုကာ ဆုံးရှုံးသွားသည့် မိုင်းတစ်လုံး ကျပ် ၃,၀၀၀နှုန်း ပြန်လျော်ရန် ရွာသားများကို အမိန့်ထုတ်ခဲ့သည်။ ထိုချိန်က သုံးထောင်ကျပ်သည် ယခုငွေတန်ဖိုးနှင့် နှိုင်းယှဉ်လာရင် သိန်းဂဏန်းလောက်တန်ဖိုးနှင့် ညီမျှမှု ရှိသည်။
ထိုခေတ်က ဗမာစစ်တပ်သည် ဖြတ်လေးဖြတ် ပြုလုပ်ထားသည့်အတွက် ရွာသားများဝင် ငွေမ ကောင်းသလို စားဝတ်နေရေး ကြပ်တည်းနေချိန်လည်း ဖြစ်သည်။ စစ်တပ်ကို တစ်ရွာလုံးက မလွန်ဆန်ရဲသလို တခါတရံ တွေ့ရာ လူကိုဖမ်းပြီး ကေအဲန်ယူနှင့် ပတ်သက်မှုရှိသည်ဟု ဆိုကာ သတ်ပစ်ခြင်း၊ အမျိုးသမီးများကို လူသားဒိုင်းအကာအဖြစ် ခေါ်ဆောင်သွားပြီး မုဒိန်းကျင့်မှုများကို ကျူးလွန်လေ့ရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ သူမရွာတွင် သေသွားသူများ၊ ခြေပြတ်လက်ပြတ်ဖြစ်သူများနှင့် ရွာကို စွန့်ခွာသွား သူများလာပြီး ရွာ၌အနည်းငယ်သာ ကျန်တော့သည့်အချိန်တွင် သူမတို့မိသားစုသည်လည်း ရွာကိုစွန့်ခွာ ပြောင်းရွှေ့ ခဲ့ရသည်။
“အဲဒီအချိန်တုန်းက စစ်တပ်ထောင်ထားတဲ့မိုင်းကို နင်းမိပြီး စစ်တပ်ကို မိုင်းဖိုးပြန်ပေးရတဲ့ အခက် အခဲပေါ့။ အဲဒီ အချိန်တုန်းက သုံးထောင်ကမနည်းဘူး။ ကျမတို့မှာ ထမင်းစားဖို့တောင် ဆန်မရှိတဲ့အချိန်မှာ သုံးထောင်ဆိုတဲ့ ငွေက ဘယ်လိုမှ ရှာမရတော့ မိသားစုအလိုက် ထွက်ပြေး တိမ်းရှောင်နေခဲ့ရတာပေါ့” ဟု သူမက ရှင်းပြသည်။
လျော်ကြေးငွေ မပေးနိုင်သည့်အတွက် သူမမိသားစုသည် တစ်ရွာမှ တစ်ရွာသို့ ပြောင်းရွှေ့ရင်း သထုံမြို့နယ်အတွင်း ဆွေမျိုးများရှိသည့်ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်ရင်း သူမ အရွယ်ရောက်ချိန်တွင် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံကာ အိမ်ထောင်ကျသွားခဲ့ပြီး သားသမီးနှစ်ဦး ရှိလာခဲ့သည်။
“အပျိုဖြစ်ခါစအရွယ်မှာ ခြေထောက်တစ်ဖက်မရှိတော့ လူတွေက ကိုယ့်ကိုကြည့်ရင် ခြေထောက် ကိုကြည့်တယ် လို့ပဲခံစားရတယ်။ သိမ်ငယ် ခဲ့ရတယ်။ ဒါပေမယ့် ကိုယ့်ဘဝကို အရှုံးမပေးဘူးပေါ့” ဟု သူမက ပြောသည်။
ထိုသို့ သထုံမြို့နယ်အတွင်းရှိ ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ချိန်ထိ စစ်တပ်အသိုင်းအဝိုင်းက မိုင်းဖိုး လျော်ကြေး ငွေလိုက်လံတောင်းယူခြင်း ပြုလုပ်လေ့ရှိသလို သူမတို့မိသားစုသည်လည်း တစ်ရွာပြီးတစ်ရွာပြောင်းရွှေ့နေထိုင်း ရင်း ၂၀၁၅ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည် စခန်းထဲသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။
ယခုလို အသက် ၁၂ နှစ်အရွယ်ထဲမှစ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့်အတွက် သူမရင် ဆိုင်ခဲ့ရသည့် အခက်အခဲများစွာရှိခဲ့သလို လူအများ အထင်အမြင်သေးမှုများကိုလည်းခါးစည်း ခံခဲ့ရသည်။ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် နည်းတူ ရွာအဆင့်ဆင့် ပတ်ဝန်းကျင်အမျိုးမျိုုး တွေ့ခဲ့ရပြီး ရပ်ရွာအရေးများတွင်လည်း မသန်စွမ်းသည့် အတွက် လက်တွဲခေါ်ယူမည့်သူ မရှိသလောက်ဖြစ်ခဲ့သည်ဟု သူမက ဖွင့်ဟသည်။
“ကျမဒုက္ခသည်စခန်းမရောက်ခင်မှာ ခြေတုတပ်ခဲ့ဖူးတာတော့ရှိတယ်။ သထုံမှာရှိတဲ့ လက် သမား တစ်ယောက်က သစ်နဲ့ ကျမခြေထောက်ကိုတိုင်းပြီး ခြေထောက်တုလုပ်ပေးတယ်။ ခြေဖဝါး ကတော့ မင်္ဂလာဒုံမှာ(ရန်ကုန်မြို့)သွားတပ်လို့ ရတယ်။ တပ်ခ ၇၀၀ ကျပ်မရှိတော့ မသွားတပ်ဖြစ်ဘူး။ နောက်ပိုင်းတော့ ဖားအံခြေတုလက်တု ဌာနရှိလာတော့ အဲဒီမှာ တပ်ခွင့်ရတယ်။ ခြေထောက်ရတော့ ဘယ်ပြောကောင်းမလဲ တစ်သက်လုံးခြေထောက်တစ်ဖက် မရှိတဲ့ သူက ခြေထောက်ရှိလာတော့ လိုက်သွားတာပေါ့ မှတ်မှတ်ရရ” ဟု သူမ ခြေတုတပ်ခွင့်ရချိန် အခြေအနေကို ပြောပြသည်။
ဒုက္ခသည်စခန်းသို့ စရောက်ချိန်တွင်လည်း လူသစ်(ဒုက္ခသည်စခန်းတွင် လူသစ်စာရင်းဝင်၊ လူဟောင်းစာရင်းဝင် သတ်မှတ်ချက်) ဖြစ်နေသည့်အပြင် မသန်စွမ်း ဖြစ်နေသည့်အတွက် လူအများ အကြည့်မျိုးစုံကို ခံခဲ့ရသော်လည်း မသန်သော်လည်း စွမ်းသည်ဆိုသည့်အတိုင်း အတိတ်အရိပ်မှရုန်းထွက်ရန် သူမ စတင်ကြိုးစားခဲ့သည်။
စခန်းရှိ ကရင်အမျိုးသမီးအစည်းအရုံး-KWO က ဖွင့်လှစ်သည့် ကရင်စာပေ တစ်လမွမ်းမံသင်တန်း တက် ရောက်ပြီးနောက် စခန်းရှိ ကရင်စာပေမတတ်သူ သက်လတ်၊ သက်ကြီးပိုင်းတွေကို ကရင်စာ သင်ကြားသည့် ဆရာမ အဖြစ် သူမ ၂ နှစ် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် မူးယစ်ဆေးဝါး အသုံးပြုသူများ ပြန်လည်ထူထောင်ရေးဌာန ရုံး၌ ၃ နှစ် အလုပ်ဝင်လုပ်ခဲ့သလို မြေမြှုပ်မိုင်းအသိပညာပေးရုံးတွင်လည်း ဇွဲမလျှော့ဘဲ အလုပ်တစ်ခုပြီးတစ်ခု လုပ်ခဲ့တယ်ဟု သူမက ဆိုသည်။
ခြေထောက်တစ်ဖက် မရှိသော်လည်း စိတ်ဓါတ် သန်မာတဲ့ လူဖြစ်သောကြောင့် နေအိမ်ထဲ၌ နေရသည် ထက် သန်မာကြောင်း၊ လုပ်နိုင်ကြောင်း လက်တွေ့ ပြသလုပ်ဆောင်ခဲ့တယ်ဟု သူမဆိုသည်။
“ဒုက္ခသည်စခန်းက မြန်မာပြည်ထက် စာရင်အဆပေါင်းများစွာ ခွဲခြားဆက်ဆံတာမရှိဘူး။ ဒီမှာက မသန်စွမ်း လူတွေကိုအားပေးတယ်၊ နေရာပေးတယ်။ ကိုယ့်လိုမသန်စွမ်းလူတွေလည်းရှိတော့ အားပိုရှိ သွားတယ်။ သူများလို အတန်းပညာမမြင့်တော့ အလုပ်မလျှောက်ရဲဘူး၊ အားပေးတဲ့လူတွေရှိလို့ ရှိသမျှသင်တန်းပေးရင် တက်တယ်။ ပြီးတော့ အလုပ်တွေပြန်လျှောက်တော့ အလုပ်ရသွားတယ်” ဟု သူမ အလုပ်ရခဲ့ပုံကို ပြန်ပြောပြသည်။
လက်ရှိသူမသည် ဒုက္ခသည်စခန်းရှိ Humanity & Inclusion (HI) ရုံး၌ အလုပ်လုပ်နေသလို မသန်စွမ်း ကိုယ်ထူ ကိုယ်ထအဖွဲ့ကိုတည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်နေသေးသည်။
ထိုအဖွဲ့ကို မသန်စွမ်းအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့က မသန်စွမ်းသောသူများကို စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားပေးကူညီရန်နှင့် မသန်စွမ်းသူများသည် လူထုထဲ ပူးပေါင်းပါဝင်နိုင်ရန် အတွက်ရည်ရွယ်ပြီး ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ကိုယ်ထူကိုယ်ထအဖွဲ့ဖြစ်၍ လစာမရှိဘဲ စေတနာ့ ဝန်ထမ်းများဖြင့်သာ အဖွဲ့ကိုလုပ်ကိုင်နေသည်ဟု သူမကပြောသည်။
သူမက “ကိုယ်ပြောပေး ကူညီပေးလို့ တချို့မသန်စွမ်းလူသစ်တွေ သူတို့ရိက္ခာရလာတာတွေ့ရတော့ ကျေ နပ်တယ် ပီတိဖြစ်တယ်။ ထဲထဲဝင်ဝင် မကူညီပေးနိုင်ပေမယ့်လည်း အများကြီးကူညီပေးနိုင်တယ်။ တချို့ ဆိုရင် ဒီအဖွဲ့ထဲမဝင် ခင်တုန်းက သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိဘူး။ ဘာမှမလုပ်ကိုင်ချင်ဘူး၊ ပြောဆို မရဲဘူး။ အဖွဲ့နဲ့တွေ့မှပဲ သူတို့မှာ လူတော တိုးရဲတယ်။ တချို့ဆိုရင် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပြီး အခု မိသားစုတစ်စုလုံးကို သူတို့ လုပ်ကျွေးနိုင်တဲ့ အခြေအနေရှိသွားတယ်” ဟု ပြောသည်။
လူအများက မသန်စွမ်းသူများကို ကိုယ်ချင်းစာကြောင်း ပြောဆိုသော်လည်း မသန်စွမ်းအချင်းချင်းသာ ခံစားချက်ကို နားလည်နိုင်ပြီး မသန်စွမ်းသူတွေရဲ့လိုအပ်ချက်ကိုသိ၍ ကူညီနိုင်တာလည်းဖြစ်တယ်ဟု သူမက ပြောသည်။ နော်အေးအေးနိုင်အနေဖြင့် ဒုက္ခသည်စခန်း၌ နေထိုင်စဉ်အတောအတွင်း မသန် စွမ်းသူများကို တတ်နိုင်သလောက် ဆက်လက်ကူညီသွားမည်ဖြစ်ပြီး သူမ၏ သားသမီးအနာဂတ်အတွက် အခြားဒုက္ခသည်များနည်းတူ တတိယနိုင်ငံတွင် အခြေချရန် စီစဉ်ထားသည်ဟု သူမက ဖွင့်ဟသည်။
စင်စစ် သူမ တတိယနိုင်ငံသို့ သွားရန် ယခင်က မစဉ်းစားခဲ့ဖူးပါ။ နိုင်ငံရေးအခြေအနေကောင်းလျှင် ဇာတိ မြေသို့သာ ပြန်သွားရန် စဉ်းစားခဲ့သော်လည်း လက်ရှိ ပြည်တွင်းစစ်မီးများကြောင့် နေရပ်ပြန်ရန် အလှမ်း ဝေးသွားသည်။ သူမ အနေဖြင့် မသန်မစွမ်းဆိုသည့် အတိတ်အရိပ်မှ ရုန်းထွက်ကာ ယခုတတိယနိုင်ငံသို့ ခြေလှမ်းရန် ပြင်ဆင်နေပြီး ဖြစ်သည်။
“ရွာမှာပြန်နေဖို့ အခြေအနေက မလွယ်တော့ဘူး။ ရှေ့ဆက်ပြီး အဒေါ်နိုင်ငံခြားပဲသွားတော့မယ် ။ သားသမီးတွေ အဒေါ်လို ဒုက္ခရောက်မှာအရမ်းကြောက်တယ်။ အဒေါ်က အိမ်ထောင်လည်းကွဲထားတော့ သားသမီးတွေကို နိုင်ငံခြားမှာ သူတို့ဘဝကောင်းကောင်းမွန်မွန်ရှင်သန်ချင်တယ်” ဟု သူမဆန္ဒကို ပြောပြသည်။