Home သတင်း ဖားအံတွင် သန်းခေါင်ယံအချိန် အိမ်တစ်လုံးနှင့် ဆိုင်ခန်းတွဲ ၃ ခန်း မီးလောင်

ဖားအံတွင် သန်းခေါင်ယံအချိန် အိမ်တစ်လုံးနှင့် ဆိုင်ခန်းတွဲ ၃ ခန်း မီးလောင်

451
Photo-Myanmar Fire Services Department

ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ အမှတ်(၂)ရပ်ကွက်၊ နာရီစင်အနီး၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရားလမ်းထောင့်၊ မြို့မရဲစခန်း မျက်စောင်းထိုးရှိ နေအိမ်တစ်လုံးနှင့် ဈေးဆိုင်ခန်းတွဲ ၃ ခန်း ဒီဇင်ဘာ ၁၇ နံနက် ၁ နာရီ သန်းခေါင်ယံချိန်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု မြို့ခံများနှင့် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ပြောသည်။

အဆိုပါ မီးလောင်မှုသည် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာမှတဆင့်မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ကနဦးသိရပြီး နေအိမ်နှင့် ဆိုင်ခန်း ၃ ခန်း မီးကူးစက်လောင်ကျွမ်းသွားသည်ဟု မျက်မြင်တွေ့ရှိသူ ဖားအံမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အဲ့နေရာတစ်ဝိုက်က နဂိုကတည်းက လျှပ်စစ်ကြိုးတွေနဲ့ရှုပ်နေတာတော့ ကြာပါပြီး။ အဲ့ကနေပြီးတော့မှ ဝါယာ ကြိုးရှော့ဖြစ်ပြီး မီးစလောင်တာ။ အနားမှာ (ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး) ဘဏ် တစ်ခုလည်း ရှိတယ်။ မီးကို မနက်၂ နာရီလောက်မှာ ငြှိမ်းနိုင်ခဲ့တယ်။ ဆရာကြည်လင်း မျက်မှန်ဆိုင်ဆို ဘာမှမကျန်တော့ဘူး။ အနားက ဆိုင်တွေရော တအားကြီးမဆိုးတာကိုဘဲ ကျေးဇူးတင်ရမယ်။ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု ကေအိုင်စီ သို့ပြော သည်။

အဆိုပါမီးလောင်သည့် ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် မီးသတ်ဦးစီးမှုးဌာနမှလည်း မီးစတင်လောင်သည့် အချိန်မှစတင်ပြီး မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေယာဉ် (၁) စီး၊ ဖားအံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ် (၃) စီး၊ ဖားအံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေယာဉ် (၁) စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းသွားရောက်မီးငြှိမ်းခဲ့ကြရာ နံနက်၂ နာရီဝန်းကျင်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည် ဟု သတင်းထုတ်ပြန် ထားသည်။

ထို့အပြင် ဖားအံမြို့တွင် လူသိများသည့် မာဃလူမှုကူညီရေးအသင်းကလည်း လူနာတင်ယာဉ် တစ်စီးနှင့်အတူ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များက သွားရောက်ကူညီမီးငြှိမ်းသတ်ခဲ့သည်ဟု အဆိုပါ အသင်းက သတင်းထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာ ၁၆ ရက်နေ့ည ၈ နာရီအချိန်တွင် ဖားအံမြို့နယ် သာမညအပိုင်၊ ဝင်းစိန်ကျေးရွာ၊ ရာဘာမှိုင်း ခံရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။ အဆိုပါ မီးလောင်မှုကို ဖားအံခရိုင်နှင့် မြို့နယ်မီးစခန်းမှ မီးသတ်ယာဉ်များ၊ သာမညနယ်မြေ မီးသတ်စခန်းနှင့် အိန္ဒုနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာနက သတင်းထုတ်ပြန်ထားသည်။