ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်သည့် မာနယ်ပလောနယ်မြေရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၉၁၃ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO နှင့် ပူးပေါင်းတပ်များမှ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။
ထိုသို့သိမ်းပိုက်နိုင်ရေး နှစ်ဝက်ခန့်ကြာမြင့်ခဲ့သည့် စစ်ကောင်စီ၏ နယ်မြေအတွင်း နောက်ဆုံးခံတပ် ခမရ-၉၁၃ စခန်းကို မိမိတို့မာနယ်ပလောဒေသ၌ စစ်ကောင်စီတပ်စခန်းများအားလုံးကင်းစင်ရေးဟူသော မဆုတ်မနစ်စိတ်ဓာတ်ဖြင့် ကြိုးပမ်းတိုက်ခိုက်ခဲ့ပြီးမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပဒိုစောကလယ်စေးက ပြောသည်။
“စခန်းရပြီဆိုတာတော့ လောလောဆယ်အတည်ပြုလို့ရတယ်။ ဒါကလည်း ကိုယ့်ရဲ့နယ်မြေထဲမှာ စစ်ကောင်စီစခန်းတွေအားလုံးကင်းစင်ဖို့ဆိုတဲ့ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကြိုးပမ်းတိုက်ခိုက်ခဲ့လို့ ရရှိခဲ့တာဖြစ်တယ်။ အချက်အလက်တွေအားလုံးတော့ မရသေးဘူးဆိုပေမယ့် အခြေအနေကောင်းတယ်” ဟု ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ယနေ့ပြောသည်။
KNLA နှင့် KNDO ပူးပေါင်းတပ်များက စစ်ကောင်စီ၏အဆိုပါစခန်းအား တိုက်ခိုက်သိမ်းပိုက်စဥ် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့ကိုကိုးကားပြီး ဒေသတွင်းမီဒီယာအချို့တွင်ဖော်ပြထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ပဒိုစောကလယ်စေးက ဆိုသည်။

လေကြောင်းမှလွဲ၍ စစ်ကောင်စီ၏ထောက်ပို့ရရှိနိုင်သော လမ်းကြောင်းများကို ဖြတ်တောက်စနစ်ဖြင့် တိုက်ခိုက်ခဲ့ရသော ခမရ-၉၁၃ စခန်းကို ယခုလို သိမ်းပိုက်မရမိစဥ်ကတည်းက KNLA ပူးပေါင်းတပ်မှ ဒရုန်းအပါအဝင် ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က အသေအပျောက်များရှိခဲ့သည်ဟု ကေအိုင်စီ၏စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီက ၎င်းတို့စခန်းသို့ လေကြောင်းမှ ရိက္ခာလာရောက်ဖြည့်တင်းစဥ် KNLA ပူးပေါင်းတပ်များရှိနေနိုင်သည့်နေရာသို့ မှန်းဆ၍ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ထိုစစ်ရေးသတင်းအရင်းအမြစ်တို့ကဆိုသည်။
ယခင်က မာနယ်ပလောဒေသတွင် ခမရ-၉၁၃၊ နို့ဒေး၊ ဖူးလောကုန်း၊ ကဆောဝါးလေး၊ ပွိုင့် ၅၆၀၊ ဂယ်ဂေါ်ကျိုး ၊ ထီးသေဃိ၊ ထီးထောထ၊ ထူးပေါ် စသော စစ်ကောင်စီတပ်စခန်းများအခြေချ တပ်စွဲထားခဲ့သည်။ သို့သော်လည်း ယခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က ကဆောဝါးလေးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ၍ ခမရ-၉၁၃ သို့ လာရောက်ပူးပေါင်းပြီးနောက်ပိုင်း အင်အား ၁၀၀ ဝန်းကျင်ရှိလာသည့် ခမရ-၉၁၃ အား KNU က ယခုလို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။



















