Home သတင်း မာနယ်ပလောစခန်း သိမ်းတိုက်ပွဲမှ တပ်ရင်းမှူးနှင့်တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး KNLA ဖမ်းဆီးရမိ

မာနယ်ပလောစခန်း သိမ်းတိုက်ပွဲမှ တပ်ရင်းမှူးနှင့်တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး KNLA ဖမ်းဆီးရမိ

880
Photo- KNLA

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏ အမှတ် ၃၁၁ အမြောက်တပ်ရင်း၊ ပွိုင့် ၉၁၃ စခန်းကုန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့်တပ်ကြပ်ကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် (၆)ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဘက်မှ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်တွင် KNLA အပါအဝင် ကရင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့-KNDO တို့ပူးပေါင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့သော စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ရှိ ပွိုင့်-၉၁၃ စခန်းမှ ရတမ-၃၃၈ တပ်ရင်း၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသီဟနှင့် တပ်ကြပ်ကြီးအဆင့် (၁)ဦး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးကို အသက်ရှင် လျက်ဖမ်းဆီးရမိခဲ့သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ကေအိုင်စီသို့ အတည်ပြုပြောသည်။

၎င်းက “၉၁၃ ကနေ အောင်ဇေယျဘက်ကို အင်အားဖြည့်ဖို့ ရဟတ်ယာဥ်နဲ့လာခေါ်သွားတဲ့ သူတွေလည်းရှိတော့ လက်ရှိစခန်းအင်အားက ၃၀ လောက်ပဲရှိတယ်။ ကျနော်တို့ တက်တိုက်တဲ့အချိန်မှာ ထွက်ပြေးလို့ဖမ်းမိတာ ၆ ယောက်ရှိတယ်။ အဲဒီထဲမှာ တပ်ရင်းမှူးတစ်ယောက်နဲ့ တပ်ကြပ်ကြီးတစ်ယောက်ပါတယ်။ သူတို့ကို ဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာတော့ မသိသေးဘူးနော်” ဟု စောရှီးလေက ပြောသည်။

Photo Caption: ဖမ်းဆီးခံရသည့် တပ်ရင်းမှူး ဖြိုးသီဟ နှင့် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ .(photo-KNLA)

ခမရ-၉၁၃ စခန်းအား KNLA ပူးပေါင်းတပ်မှ မြေပြင်ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်၍ ဒရုန်းများ၊ စနိုက်ပါများဖြင့် စစ်ကောင်စီတပ်အင်အား လျော့နည်းလာစေရန် ၃ လတာခန့် အချိန်ပေး တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်သေဆုံး၍ ၁၂၀ မမ တစ်လက်၊ ၈၁ မမ တစ်လက်၊ ပွိုင့်ဖိုက် တစ်လက်၊ MA ၂၉ လက် သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်(၁)ဦး ကျဆုံးခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“ကျနော်တို့ရဲ့မာနယ်ပလောနယ်မြေထဲမှာ အခုဆိုရန်သူစခန်းတွေအားလုံးရှင်းပြီ။ ဒါကြောင့် သောင်ရင်းနဲ့ သံလွင်ကို ပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလို့ရပြီ။ ကျနော်တို့ပြည်သူတွေ အေးအေးချမ်းချမ်း သွားလာရုံ သာမက ဒီနေရာကိုပြန်လာပြီး နဂိုလုပ်ကိုင်စားသောက်တဲ့လုပ်ငန်းတွေ ပြန်လုပ်ဖို့လည်း ဖိတ်ခေါ်တယ်။” ဟု KNDO စစ်ဦးစီးချုပ်က ဆက်လက် ပြောဆိုသည်။

အစဥ်အလာကြီးမားခဲ့သည့် KNU ဌာနချုပ်ဟောင်းနေရာ မာနယ်ပလောဒေသတွင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှ စတင်တပ်စွဲထားခဲ့သော စစ်ကောင်စီ ပွိုင့် ၉၁၃ စခန်းကုန်းကို ယခုလို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းကြောင့် တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေကြသည့် ပြည်သူလူထုအတွက် ခွန်အားတက်စေသည်ဟု တော်လှန်ရေးခေါင်းဆောင်များက ပြောသည်။