Home သတင်း ကတိုင်တိ စခန်းမကျရေး စစ်ကောင်စီ အင်အားတိုးချဲ့၍ ‌ဒေသခံ ၁,၀၀၀ နီးပါးတိမ်းရှောင်ရ

ကတိုင်တိ စခန်းမကျရေး စစ်ကောင်စီ အင်အားတိုးချဲ့၍ ‌ဒေသခံ ၁,၀၀၀ နီးပါးတိမ်းရှောင်ရ

731
Photo- CJ

ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်ထဲရှိ ကတိုင်တိ တပ်စခန်းမကျစေရေးအတွက် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF အဖွဲ့တချို့ အင်အားတိုးချဲ့လာသည့်အတွက် အနီးရှိ ကျေးရွာများမှ ဒေသခံ ၁,၀၀၀ နီးပါး တပ်မဟာ(၁) / ဒူးသထူ ခရိုင်ထဲသို့ သွားရောက်တိမ်းရှောင်နေရသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ပြောသည်။

အဆိုပါ နယ်မြေတွင် စစ်ကောင်စီ၏ တောင်သုံးလုံးစခန်းကျပြီးနောက် ထိုစခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကတိုင်တိစခန်းသို့ ထွက်ပြေးကာ ပူးပေါင်းသွားခဲ့ခြင်းဖြစ်သည်။ ယခု ရက်ပိုင်းအတွင်း ကမမောင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ထပ်မံရောက်ရှိပြီး အင်းအား ပေါင်းစုမိသွားပြီး တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်၍ ယခုလို တပ်မဟာ(၁) နယ်မြေထဲသို့ တိမ်းရှောင်နေရခြင်း ဖြစ်သည်။

“တပ်မဟာ(၅) အစပ်၊ ဘီးလင်းမြို့နယ်ထဲက ကျေးရွာတော်တော်များများမှာ လာရှောင်ကြတယ်။ တချို့ကတော့ နေအိမ်မှာ သွားခိုလှုံတာရှိသလို တချို့ကတော့ ဘုန်းကြီးကျောင်းတွေထဲမှာ သွားပြီး နေတာရှိတယ်။ အများကြီးပဲ တစ်ထောင်လောက်ရှိတယ်။ အရေးပေါ်လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားတွေကို ခရိုင်က ကူညီပေးတယ်” ဟု တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ပြောသည်။

ထိုသို့ တိမ်းရှောင်လာသူများကို စစ်ရှောင်စခန်းတည်ဆောက်ထားရှိရန် စီစဉ်ထားသော်လည်း စစ်ကောင်စီ၏ လေယာဉ်များ မကြာခဏ လှည့်ပတ်ပျံဝဲနေသည့်အတွက် လုံခြုံရေးအပိုင်း စိုးရိမ်ရ၍ ယခုလိုခွဲထားခြင်းဖြစ်သည်ဟု တပ်မဟာမှူးက ဖြည့်စွက်ပြောသည်။

တပ်မဟာ(၁)/ဒူးသထူခရိုင် ဘီးလင်းမြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှာင်လာသည့် စစ်ရှောင်များသည် ကတိုင်တိကျေးရွာအပြင် ဘောကျို့လယ်၊ နိုဖောထီး၊ ထီးသဲလေ၊ တောင်သူကုန်း၊ လေးဖိုးထစသည့်ကျေးရွာအများအပြားမှ ဒေသခံများလည်း ပါဝင်ကြောင်း သိရသည်။

ဖာပွန်- ကမမောင် ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ယခုနှစ်အတွင်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က တပ်စခန်းတစ်ခုပြီး၊ တစ်ခုသိမ်းပိုက်မှု လုပ်ဆောင်ခဲ့သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကတိုင်တိအနီးရှိ တောင်သုံးလုံး တပ်စခန်းကို ထပ်မံ သိမ်းပိုက်လိုက်သည့်အတွက် လက်ရှိထိုလမ်းပေါ်တွင် ကတိုင်တိနှင့် ကမမောင်း တပ်စခန်းနှစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

ကတိုင်တိတပ်စခန်း၌ စစ်ကောင်စီတပ်မ (၂၂) လောက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ကရင်ပြည် နယ်၊ နယ်ခြားစောင့်တပ် -BGF အမှတ် ၁၀၁၄ နှင့် အမှတ် ၁၀၁၃ တပ်ဖွဲ့ဝင်တချို့လည်း ပူးပေါင်းတပ်စွဲနေထိုင်ခြင်းရှိကြောင်း သိရသည်။