Home ဆောင်းပါး ရှိတ်ဟာဆီနာ – ယွန်းဆွတ်ယိုး – အာဆတ်နဲ့ “အာဏာ”

ရှိတ်ဟာဆီနာ – ယွန်းဆွတ်ယိုး – အာဆတ်နဲ့ “အာဏာ”

184
Photo: Internet

ရှိတ်ဟာဆီနာ – ယွန်းဆွတ်ယိုး – အာဆတ်နဲ့ “အာဏာ”

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

၂၀၂၄ ခုနှစ်နှောင်းပိုင်းကာလတွေအတွင်းမှာ တိုင်းပြည်ကနေ ပြည်ပသို့ထွက်ပြေးကြရတဲ့ အုပ်စိုးသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ဖြစ်မယ်ထင်ပါတယ်။ သူ့နောက်က ဆီးရီးယားသမ္မတ အဲလ်အာဆတ် ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာလည်း သမ္မတက စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာလို့ နာရီပိုင်းမျှ ရုတ်ရုတ် သဲသဲ ဖြစ်ခဲ့ပါသေးတယ်။ အခုတော့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ရဲ့ လုပ်ပိုင်ခွင့်တွေကို ဆိုင်းငံ့ထားလိုက် ပြီး တိုင်းပြည်က ထွက်ခွင့် ပိတ်ပင်တားမြစ်ထားတယ်လို့ မီဒီယာသတင်းတွေမှာ ဖတ်ရပါတယ်။

ဆီးရီးယားမှာတော့ အာဆတ်အစိုးရကို သူပုန်တွေက ဖြုတ်ချနိုင်ခဲ့ပြီ။
ဆီးရီးယား သမ္မတ ဘာရှာ အဲလ်အာဆတ် ရုရှမှာရောက်နေပြီး နိုင်ငံရေးခိုလှုံခွင့်ရထားတယ် စတဲ့ သတင်းတွေ မီဒီယာအသီးသီးကနေ ဖတ်ရ သိရပါတယ်။ ဒီသတင်းနဲ့အတူ သတိပြုမိတဲ့ ပထမဆုံးအချက်က အမေရိကန်၊ ဗြိတိန် စတဲ့ အနောက်နိုင်ငံတွေဟာ ဆီးရီးယားက အောင်ပွဲတွေနဲ့ပတ်သက်ပြီး သတိနဲ့ရှုမြင်နေကြတယ်၊ သတိနဲ့ပြောဆိုနေ ကြတဲ့အချက်ပါ။ ဒုတိယအချက်က စကားလုံး အသုံးအနှုန်းတွေကိုလည်း သတိထား ပြောဆိုရေးသား သုံးနှုန်းနေတာ ကို တွေ့ရပါတယ်။ RFA ရဲ့ သတင်းပုဒ်ထဲမှာတော့ အာဆတ်အုပ်စိုးမှုကို အဓိက ဖယ်ရှားပစ်ခဲ့တဲ့ (HTS)အဖွဲ့ကို “ဆီးရီး ယားရဲ့အဓိက တော်လှန်ရေးအဖွဲ့ကြီး”လို့ ရေးသားဖော်ပြထားသော်လည်း BBC နဲ့ VOA တို့ကတော့ “သူပုန်အဖွဲ့”လို့ပဲ သုံးတာ သတိပြုမိပါတယ်။

တတိယအချက်ကတော့ BBC က တင်တဲ့သတင်းတစ်ပုဒ်ထဲမှာ “အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ အဓိကအ တိုက်အခံ Hayat Tahrir al-Sham (HTS)သူပုန်အဖွဲ့ကို အကြမ်းဖက်အုပ်စုစာရင်းထဲကနေ ပယ်ဖျက်ဖို့ ဗြိတိန်စဉ်းစား” နေတယ်ဆိုတဲ့အချက်ကိုလည်း သတိပြုလိုက်မိပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ အချက် ၃ချက်ဟာ လက်တွေ့နိုင်ငံရေးရဲ့ လက်တွေ့အကျဆုံး သာဓကတွေပါပဲ။ “အာ ဏာ”ဟာ ဘယ်သူ့လက်ထဲကနေ ဘယ်သူ့လက်ထဲကို ရောက်ရှိသွားပြီလဲ ဆိုတဲ့အချက်ကိုပဲ တည့်တည့်တန်းတန်း ရှုမြင်ကြပြီး လက်ထဲအာဏာရှိနေသူနဲ့သာ တိုက်ရိုက်ဆက်သွယ်/ဆက်ဆံကြမယ်ဆိုတဲ့ ခြေလှမ်းတွေကို ပြင်ဆင်နေ ကြပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်သမျှကို မျက်ခြည်မပြတ် စောင့်ကြည့်အကဲခတ်နေကြတယ် ဆိုတာပါပဲ။ ဒီလက် တွေ့နိုင်ငံရေးသဘောထားရှုမြင်ပုံက ဆီးရီးယားဖြစ်စဉ်တစ်ခုထဲအတွက်ပဲ မဟုတ်ပါဘူး။ ဘယ်နိုင်ငံ ဘယ်ဒေသမှာမ ဆို “အာဏာ” အပြောင်းအလဲဖြစ်တိုင်း ပေါ်လာတတ်တဲ့ သဘောသဘာဝတစ်ခုပဲ ဖြစ်ပါတယ်။

ဆီးရီးယားဟာ လမ်းခုလတ်မှာပါ။ ဆီးရီးယားပြည်သူတွေဟာ မရေရာမှုတွေအပြည့်နဲ့ ရှေ့ခရီးကို ဆက်ကြရ အုံးမှာပါ။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် ကဲနေမှာလားဆိုတဲ့ စိုးရိမ်မှုတွေ၊ သောကတွေကလည်း ဆီးရီးယား ပြည်သူတွေရဲ့ရင်ထဲမှာ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။

ဖိနှိပ်မှုဟောင်းနေရာမှာ ဖိနှိပ်မှုအသစ်က မင်းမူလာမှာလား၊ သွေးစုပ်မှုဟောင်းနေရာမှာ သွေးစုပ်မှုအသစ်က နေရာယူလာမှာလား၊ ခွဲခြားမှုဟောင်းနေရာမှာ ခွဲခြားမှုအသစ်က အစားထိုးဝင်ရောက်လာမှာလား စတဲ့ စိုးရိမ်မှုတွေနဲ့ ဆီးရီးယားပြည်သူတွေဟာ ထွက်ပြေးသွားတဲ့ သမ္မတအဲလ်အာဆတ်အတွက် တစ်ဖက်မှာ ဝမ်းသာပျော်ရွှင်ကြရပြီး အခြားတစ်ဖက်မှာတော့ တစ်ဆက်ထဲပေါ်ပေါက်လာမယ့် အုပ်စိုးမှုအသစ်ဟာ ဘယ်လိုများ ဖြစ်လာမှာပါလိမ့်ဆိုတဲ့ သောကနဲ့ အိပ်၍မပျော်သောညတွေ ဖြစ်နေမလား မသိနိုင်ပါဘူး။

ကျနော့်အမြင်မှာတော့ တော်လှန်ရေးဆင်နွှဲတယ် (ဝါ) အုပ်စိုးမှုဟောင်းကို အတင်းအကြပ် တွန်းလှန်ဖယ်ရှား ပစ်တယ်ဆိုတာဟာ ဖိနှိပ်မှုဟောင်း၊ သွေးစုပ်မှုဟောင်း၊ ခွဲခြားမှုဟောင်းတွေနေရာမှာ ဖိနှိပ်မှုအသစ်၊ သွေးစုပ်မှုအသစ်၊ ခွဲခြားမှုအသစ်တွေနဲ့ လူမျိုးပေါင်းစုံပြည်သူတွေကို နောက်ထပ်တဖန် နှိပ်စက်ကလူပြုဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ပါ ဘူး။ ဖြစ်လည်း မဖြစ်ထိုက်ပါဘူး။ ဒီအချက်ကို “တော်လှန်ရေးဆင်နွှဲနေပါတယ်” လို့ ဆိုသူတိုင်းက လေးလေးနက်နက် ရှိကြဖို့ လိုအပ်ပါတယ်။

ကျနော်တို့တိုင်းပြည်ရဲ့ သမိုင်းဖြတ်သန်းမှုလက်တွေ့ထဲကနေ ပြောရရင် ပြည်သူတွေဟာ လွတ်လပ်ရေးရပြီဆို တော့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေနိုင်တော့မယ်လို့လည်း မျှော်မှန်းခဲ့ကြတာပါ။ တကယ့် လက်တွေ့မှာ တော့ ပြည်တွင်းစစ်ကြီးပေါ်ပေါက်လာပြီး အသက်ဖက်နဲ့ထုပ်ပြီး ပြေးရလွှားရ ပုန်းရ အောင်းရပါတယ်။ ဒီကနေ့အထိ စစ်ကို ပြေးရှောင်ပုန်းနေကြရတုန်းပဲ မဟုတ်ပါလား။

ဖဆပလအစိုးရ၊ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)၊ လက်ရှိ(စကစ) စစ်အုပ်စု စတဲ့ အုပ်စိုးမှု အဆက်ဆက်၊ ၁၉၄၈ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ စသဖြင့် အုပ်စိုးမှုအမျိုးမျိုးနဲ့ ဥပဒေ အမျိုးမျိုးအောက်မှာ ဆန်ကောထဲက ဆီးဖြူသီးလိုပဲ အလူးလူး အလိမ့်လိမ့်နဲ့ နေလာခဲ့ကြရတာပါ။

ဒါကြောင့် လက်ရှိ ဆင်နွှဲနေကြတဲ့ (နွေဦး) တော်လှန်ရေး အောင်ပွဲရတဲ့အခါမှာလည်း ဘာမှ ထူးမခြားနားဘဲ ဖိနှိပ်မှုအသစ်၊ သွေးစုပ်မှုအသစ်၊ ခွဲခြားမှုအသစ်တွေကိုပဲ ဆောင်ကျဉ်းလာမယ် ဖိနှိပ်မှုအသစ်၊ သွေးစုပ်မှုအသစ်၊ ခွဲခြား မှုအသစ်တွေကိုပဲ ပုံစံတစ်မျိုးနဲ့ ကျနော်တို့ပြည်သူတွေ ထပ်မံ ရင်ဆိုင်ကြုံတွေ့နေရအုံးမှာပဲဆိုရင်တော့ ကိုယ့်လည်ပင်း ကိုဖြတ်မယ့် ဓားကို ကိုယ်တိုင် ပန်းပဲဖိုမှာ ပုံသွင်းထုလုပ်ပေးပြီး ထက်မြနေအောင် ကိုယ်တိုင် သွေးပေးရသလိုမျိုးသာ ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် ပြည်သူတွေဟာ တော်လှန်ရေးဆိုတာနဲ့ ဘယ်သူတွေပြောနေတဲ့ တော်လှန်ရေးလဲ၊ သူတို့ပြောတဲ့ တော်လှန်ရေးက ဘယ်လိုအမျိုးအစားလဲ၊ သူတို့ပါးစပ်ကပြောတဲ့တော်လှန်ရေးနဲ့ သူတို့လက်တွေ့လုပ်နေတဲ့ တော်လှန် ရေး ဘယ်အတိုင်းအတာနဲ့တူညီပြီး ဘယ်နေရာတွေမှာ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေသလဲဆိုတာကို ရဲရဲဆန်း စစ်ကြည့်မြင်နိုင်ကြဖို့ လိုအပ်ပါတယ်။

မပြောလို့မဖြစ်တဲ့ သိပ်အရေးကြီးအချက်တစ်ခုက “အာဏာ”ပါ။ အုပ်စိုးသူအဆက်ဆက်က “အာဏာ” ဆိုတဲ့ စက်ယန္တရားနဲ့ ကျနော်တို့ကို စနစ်တကျဖိနှိပ်တာပါ၊ သွေးစုပ်တာပါ၊ ခွဲခြားတာပါ။ ဒါကြောင့် ကျနော်တို့က အဲဒီအုပ်စိုး မှုအာဏာဟောင်းကို တွန်းလှန်ဖြိုချဖို့အတွက် “အာဏာသစ်” ကို စနစ်တကျတည်ဆောက်ယူဖို့ လိုအပ်ပါတယ်။

ကျနော်တို့လိုလားနေတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု စတဲ့ နိုင်ငံ ရေး၊ စီပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့ကဏ္ဍစုံမှာ အဆင့်အတန်းနဲ့ အခွင့်အလမ်း ညီမျှဖို့ ဆိုတာမှာ “အာဏာ” လက်ဝယ်မရှိဘဲ ဒီအရာတွေကို ဘယ်လိုနည်းနဲ့မှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။

အုပ်စိုးမှုစနစ်ဟောင်း၊ အုပ်စိုးသူဟောင်း၊ ဖိနှိပ်မှုဟောင်း၊ သွေးစုပ်မှုဟောင်း၊ ခွဲခြားမှုဟောင်တွေကို ဖယ်ရှား သုတ်သင်ပစ်တဲ့နေရာမှာ “အာဏာ” လိုအပ်သလို ကျနော်တို့ တည်ဆောက်ထားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု စတဲ့ အုပ်စိုးမှုအသစ်ကို တည်တံ့အောင်၊ ခိုင်မြဲအောင်၊ တိုးပွားအောင် ပြုလုပ်ရ မယ့်ကိစ္စမှာလည်း “အာဏာ” ဟာ မရှိမဖြစ် လိုအပ်ပါတယ်။

ကျနော်တို့လက်ဝယ်မှာ “အာဏာ” မရှိဘဲ ဘာမှ မဖြစ်နိုင်ပါဘူး။
တော်လှန်ရေးဆိုတာ အုပ်စိုးမှုဟောင်းလက်ဝယ်က အလုံးစုံသောအာဏာကို လက်နက်ကိုင်တော်လှန်ရေး နည်းနဲ့ အတင်းလုယူရတဲ့ဖြစ်စဉ်နဲ့ လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ဒါကြောင့် အုပ်စိုးမှုဟောင်းကို ဖြိုချပြီးတဲ့အခါ ပိုမိုသစ်လွင် တဲ့ လူမျိုးစုံပေါင်းစုံပြည်သူအတွက် ယခင်အုပ်စိုးမှု စနစ်ဟောင်းထက် ပိုမိုသစ်လွင်တဲ့ ပိုမိုအာမခံချက်ရှိတဲ့ လက်တွေ့ လည်းကျတဲ့ နိုင်ငံရေး၊ စီပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍစုံမှာ အဆင့်အတန်းနဲ့ အခွင့်အလမ်း ညီမျှမှုတွေကို တော်လှန်တဲ့အာဏာသစ် (ဝါ) အုပ်စိုးမှုအသစ်က တစ်ဆင့်ပြီးတစ်ဆင့် အပြောသက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးရပါလိမ့်မယ်။

ရှိတ်ဟာဆီနာ၊ ယွန်းဆွတ်ယိုးနဲ့ အာဆတ်တို့ရဲ့ ဖြစ်ရပ်တွေကနေ “အာဏာ”နဲ့ပတ်သက်လို့ လက်တွေ့ကျတဲ့ အမြင်နဲ့နားလည်မှုတွေကို ကျနော်တို့ကို မတူတဲ့အတိုင်းအတာနဲ့ သဘောပေါက် နားလည်စေခဲ့ပါပြီ။

တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုတို့ကို အာဏာရှိမှသာ လက်တွေ့တည် ဆောက် အကောင်အထည်ဖော်နိုင်မှာဖြစ်သလို အာဏာနဲ့ပဲ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စုတို့ကို ထိန်းသိမ်းကာကွယ်တည်တံ့ တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။