Home သတင်း ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ၂,၅၀၀ကျော် ထွက်ပြေး

ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ၂,၅၀၀ကျော် ထွက်ပြေး

581
Photo: KNU

ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ၂,၅၆၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပြောသည်။

ခလယ်လွီထူခရိုင် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့မှစ၍ ယခုလို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ရွှေကျင်မြို့နယ် တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဆင်နှစ်ကောင်တောင်မှာ အခြေချထားတာ ရှိတယ်။ စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိတယ်။ ပြီးတော့ သံဆိပ်၊ ဘောကထ၊ အဲ့ဒီနေရာတွေမှာ အခြေချထားတာလည်း ရှိတယ်။ စစ်တပ်တွေက ရွာတော်တော်များများနဲ့ လမ်းတွေမှာ နေရာယူထားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလိုစစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ဆောထိမြို့နယ်ရှိ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူ ကျေးရွာနှင့် ရေဖြူကန်ကျေးရွာတို့မှ ဒေသခံပြည်သူစုစုပေါင်း ၂,၅၆၀ ဦး နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းများဖြင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရေလဲဗမာကျေးရွာတွင် လာရောက်ခိုလှုံသည့် ဥသျှစ်ကျေးရွာသား စောနေတာလိုမှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာများရရှိခဲ့သေးသည်။ ထို့အပြင် ရေဖြူကန်ကျေးရွာအနီးတွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇)လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ၁,၀၅၂,၇၂၉ ဦးထိရှိလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူ ပြုကွန်ရက် (KPSN)က နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။