ဗဟို သစ်တောဌာန၊ ဌာနခွဲတာဝန်ခံ ပဒိုစောမဲလ်ဒါမူးနှင့် တွေ့ဆုံမေးမြန်းခြင်း
“အနာဂတ်မှာ ရေအရင်းအမြစ်ရှားပါးရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အသိပညာပေးဖို့လိုတယ်” ပဒိုစောမဲလ်ဒါမူး၊ ကေအဲန်ယူ သစ်တောဌာန
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေအတွင်း ရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်မှုပြုလုပ်နေသည့် အခြေအနေများ၊ ဒေသခံများကိုယ်တိုင်ရေအရင်းအမြစ် ထိန်းသိမ်းရန် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေမှု အခြေအနေတို့နှင့်ပတ်သက်၍ ဗဟိုသစ်တောဌာန၊ သစ်တောပြန်လည်စိုက်ပျိုးခြင်းနှင့် သစ်တောပြန်လည်ထူထောင်ရေးဌာနခွဲ တာဝန်ခံပဒိုစောမဲလ်ဒါမူး (Saw Mailder Moo)နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။
မေး။ ။ ကေအဲန်ယူ နယ်မြေထဲမှာရှိတဲ့ ရေအရင်းအဖြစ်တွေကို ထိန်းသိမ်းကာကွယ်နေတဲ့ ပုံစံလေးကို ပြောပြပါအုံး။
ဖြေ။ ။ ကျနော်တို့ ကေအဲန်ယူ နယ်မြေထဲမှာဆိုရင် ရေအရင်းအမြစ်တွေ ထိန်းသိမ်းရမယ်ဆို တာကတော့ သူ့နည်းလမ်းတွေအများကြီး ရှိတယ်။ တစ်ချို့ကျတော့ ရှိပြီး သိပြီးသားပဲ၊ တစ်ချို့ကျတော့ ထိန်းသိမ်းရမှာတွေ ရှိတယ်။ ဘယ်လိုထိန်းသိမ်းရမလဲဆိုရင် ဒီရေအရင်းအမြစ် ထိန်းသိမ်းတဲ့ နေရာဒေသ တွေမှာဆိုရင် သစ်တွေ သွားမခုတ်၊ မဖြတ်ရဘူး။ ကျနော်တို့ ရေအရင်းအမြစ်ရှိတဲ့ နေရာမှာ ဘာဆိုဘာမှ သွားမလုပ်ရဘူး။
ဘာကြောင့်လဲဆိုရင် ဒါဟာရေအရင်းအမြစ် ပျက်စီးစေတဲ့ နည်းလမ်းတွေပါပဲ။ အကယ်၍ ကျနော်တို့ သစ်ခုတ်တာတို့ အပင်တွေ ရှင်းပြစ်တာတို့ဆိုရင် ရှေ့လျှောက် အခက်အခဲတွေ ကြုံတွေရပြီး ရေအရင်းအမြစ်တွေလည်း ရှားပါးသွားလိမ့်မယ်။
မေး။ ။ အခု ဒီဒေသမှာ ဒေသခံတွေကိုယ်တိုင်က ရေအရင်းအမြစ်တွေကို ထိန်းသိမ်းကြတယ်လို့ သိထားရတယ်။ အဲ့အပေါ်မှာ ကေအဲန်ယူ၊ သစ်တောဌာနဘက်က ဘယ်လိုကူညီဆောင်ရွက်ပေးလဲ။
ဖြေ။ ။ ဒေသခံတွေ ရေအရင်းအမြစ်ထိန်းသိမ်းတတ်အောင် ကျနော်တို့ကူညီပေးနိုင်တာက နေရာဒေသ အသီးသီးတွေမှာ အသိပညာပေးဖို့ အားနည်းချက်တွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ရေအရင်းအမြစ် တွေကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတဲ့ လမ်းညွှန်စာအုပ်ကို မြို့နယ်အသီးသီးမှာရှိတဲ့ လူကြီးတွေကို ဖြန့်ဝေထားတာ ရှိတယ်။ သူတို့ဖတ်ပြီး ထိန်းသိမ်းရေး နည်းလမ်းတွေ ပိုသိနားလည်ကာ ဆက်လက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်နဲ့ ဒီလမ်းညွှန်စာအုပ်ကို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ ဒေသခံတွေက သူတို့နည်းသူတို့ဟန်နဲ့ ထိန်းသိမ်းကြတာမျိုးလား၊ သစ်တော ဌာနက ချမှတ်ပေးတဲ့ နည်းလမ်းတွေနဲ့ ထိန်းသိမ်းနေကြတာလား။ ရှင်းပြပေးပါ။
ဖြေ။ ။ တချို့ ဒေသတွေကတော့ သူတို့ ဘာသာသူတို့ လုပ်ထားကြပြီး ဘိုးဘွား၊ မိဘလက်ထက် ကတည်းက ထိန်းသိမ်းကာကွယ်ထားကြတယ်။ တစ်ချို့နေရာဒေသတွေကျတော့ ကျနော်တို့ ကေအဲန်ယူ သစ်တောဌာနက သွားရောက်ပြီး ရေအရင်းအမြစ်ထိန်းသိမ်းတတ်ဖို့ အသိပေးပညာပေးတဲ့ နေရာတွေလည်း ရှိပါတယ်။
မေး ။ ။ ဒီရေအရင်းအမြစ်တွေက ဒေသခံဌာနေကရင်တွေအတွက် ဘယ်လောက်အရေးကြီးလဲ ဆိုတာ ရှင်းပြပေးပါအုံး။
ဖြေ။ ။ ဒါကတော့ ရေဘယ်လောက် အရေးကြီးလဲဆိုတာကို ဒေသခံတွေကပဲ ပိုသိလိမ့်ပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ရေကတော့ ကျနော်တို့ လူတွေပဲ လိုတာမဟုတ်ဘူး။ တိရစ္ဆာန်တွေ၊ အပင်တွေ၊ စိုက်ကြပျိုးကြတာတွေ အဲ့တာတွေကလည်း ရေလိုအပ်တယ်။ ဒါကြောင့် လူကတော့ ဒီရေ ဘယ်လောက် အရေးကြီးလဲဆိုတာကို အများဆုံးသိတဲ့ သူပဲဖြစ်တယ်။ ရေဘယ်လောက် အကျိုးရှိတယ် ဆိုတာကို ဒေသခံတွေပဲ သိကြပါလိမ့်မယ်။
မေး။ ။ ဒီလို ထိန်းသိမ်းကာကွယ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိလဲ ရှင်းပြပေးပါအုံး။
ဖြေ။ ။ ရေအရင်းအမြစ်အများကြီး ရှိတယ်ဆိုရင် သဘာဝပတ်ဝန်းကျင် မထိခိုက်ဘူး။ ရေအရင်း အမြစ်တွေကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် စိုက်ပျိုးရေးအတွက်လည်း ရေရရှိဖို့ မပူရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရေမရှိရင် သဘာပတ်ဝန်းကျင်တခုပဲ ပျက်စီးမှာမဟုတ်ဘူး။ လူတွေရယ်၊ သက်ရှိသတ္တဝါတွေ၊ အပင်တွေ အကုန်လုံး ထိခိုက် လိမ့်မယ်။
မေး။ ။ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးဆုံးလုပ်ဆောင်ရမှာက ဘာတွေလဲ။
ဖြေ။ ။ အရေးကြီးဆုံးကတော့ ကျနော်တို့ အများပြည်သူ နားလည်အောင် အသိပညာပေးရမယ်။ သဘာဝရေ အရင်းအမြစ်ကို ဘယ်လိုထိန်းသိမ်းရမယ်၊ ရေရဲ့တန်ဖိုးက အသက်ရှင် နေထိုင်ရေးအတွက် ဘယ်လောက်ထိ အရေးကြီးတယ်၊ နောင်လာမယ့် အနာဂတ်မှာ ရေအရင်းအမြစ် ရှားပါးရင် ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကို အသိပညာပေးဖို့ လိုအပ်တယ်။ အများပြည်သူတွေ သဘာဝရေ အရင်းအမြစ် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ နည်းလမ်း မှန်ကို သိဖို့ကတော့ အရေးကြီးဆုံးပါပဲ။
မေး။ ။ အခုလို ဒေသခံတွေ ရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်ဖို့အတွက် ကေအဲန်ယူ၊ သစ်တောဌာနက လိုက်လုပ်ဆောင်ပေးနေတာတွေကိုလည်း ပြောပြပေးပါအုံး။
ဖြေ။ ။ ဒေသခံတွေ ရေအရင်းအမြစ်ထိန်းသိမ်းဖို့အတွက်ကို ကေအဲန်ယူ သစ်တောဌာနကတော့ ခုနက ပြောခဲ့သလိုပဲ အသိပညာပေးတာတွေ ရှိတယ်။ နောက်ပြီး ကျနော်တို့ ရေအရင်းအမြစ်ထိန်းသိမ်းတတ်ဖို့ လမ်းညွှန် စာအုပ်ထုတ်ထားတာတွေ အဲ့ကနေ ထိန်းသိမ်းရမယ့် နည်းလမ်းတွေ ပါတယ်။ မြို့နယ် တချို့ တွေမှာတော့ ကျနော်တို့ ဒီရေအရင်းအမြစ်ထိန်းသိမ်း တတ်အောင် ကွင်းဆင်း သင်ပြပေးတယ်။
အခုတော့ ကျနော်တို့ ခရိုင် (၃) ခုပဲ ကွင်းဆင်းသေးတယ်။ ဒူးသထူ(သထုံ) ခရိုင်၊ တောအူးခရိုင်၊ ဖားအံခရိုင် အဲ့နေရာတွေ ကိုတော့ သွားပေးဖြစ်တယ်။ တခြား ခရိုင်တွေကိုတော့ ကျနော်တို့ ရေအရင်းအမြစ်ထိန်းသိမ်းရေး စာအုပ်တွေပဲ ပေးဖြစ်တယ်။
မေး။ ။ အခုလို ကွင်းဆင်းလုပ်ဆောင်ရတဲ့ ခရီးစဉ်ကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ရေအရင်းအမြစ် ထိန်းသိမ်းရေး နည်းလမ်း ဒေသခံတွေကို အသိပညာလာပေးတယ်။ ဒေသခံ တွေက ရေအရင်းအမြစ် ထိန်းသိမ်းရေး နည်းလမ်းစာအုပ်တွေကို သူတို့ မဖတ်ဖြစ်ဘူး။ ကျနော်တို့ က သူတို့နားလည် သဘောပေါက်အောင် ပြန်ရှင်းပြပေးတယ်၊ ဒီရေထိန်းသိမ်းရေး နည်းလမ်းတွေကို ဘယ်လိုထိန်းသိမ်းရမယ်၊ နည်းလမ်းမှန်တွေ ဘယ်လိုရှိတယ်၊ နောက်ဆက်တွဲ ဆက်ပြီး မထိန်း သိမ်းထားရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရမယ်။ နောက်ပြီး သူတို့ကိုယ်တိုင် ကော်မတီဝင် တွေနဲ့ စည်းကမ်းချက်တွေကို ချမှတ်ရေးဆွဲတယ်၊ ကျနော်တို့ကတော့ ကူညီပေးတယ် ဒါတွေအတွက် ကွင်းဆင်းဖြစ်တယ်။
မေး။ ။ သစ်တောဌာနက ရေအရင်းအမြစ်ထိန်းသိမ်းရေးအတွက် ကျေးရွာဒေသခံတွေကို ဘယ်လို အသိပညာပေးတာတွေ ဆက်လုပ်သွားမလဲ။
ဖြေ။ ။ ဒီဟာကတော့ ကျနော်တို့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ရှိတယ်။ ဖြစ်နိုင်ရင် ကျနော်တို့ ခရိုင် အသီးသီးကို အသိပညာလိုက်ပေးချင်တယ်။ ခုတော့ ခရိုင် (၃) ခုပဲ ပေးဖြစ်သေးတယ်။ တခြား ခရိုင်တွေလည်း လိုက်ပေးချင်သေးတယ်။ ရှေ့လျှောက် ကျနော်တို့ လူဦးရေ ထပ်တိုးပြီး ခရိုင်အသီးသီးကို အသိပညာတွေ လိုက်ပေးမယ်လို့ ရည်ရွယ်ထားတယ်။
မေး။ ။ အခု ရေအရင်းအမြစ် ထိန်းသိမ်းဖို့ ဒေသခံတွေကိုရော ဘာလို့အသိပညာပေးမှုတွေ လုပ်ဖို့လိုတယ်လို့ မြင်လဲ။
ဖြေ။ ။ ခုနကပြောခဲ့သလိုပဲ ဒီရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်တာကို ဒေသခံတချို့က လုပ်ထား ပြီးသား၊ တချို့တွေကျတော့ မလုပ်ဖူးသေးဘူး။ အဲ့တာကြောင့် ကျနော်တို့ အသိပညာ သွားရောက် ပေးရမယ်။ နည်းလမ်း မှန်မှန်နဲ့ ထိန်းသိမ်းတတ်ဖို့ ကော်မတီဝင်တွေလည်း စည်းကမ်းချက်တွေ အတိုင်းလိုက်နာနိုင်ပြီး လုပ်ဆောင်တတ်ဖို့ လိုတယ်။
နောက်ပြီး ဒီရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်တာလည်း ဘယ်လိုတွေ ပျက်စီးတတ်တယ် ဆိုတာ ကိုလည်း သိပြီး ပြန်ကောင်းမယ်၊ ဘယ်လိုလုပ်ရင် ရမယ်ဆိုတာကို ဒေသခံတွေ နားလည်အောင် ပြောပြ ရတယ်။ သူတို့နားလည်မှ နောက်မျိုးဆက်တွေကို ဆက်လက်သင်ပြပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ သွားရောက် အသိပညာပေးဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။