Home သတင်း ဒူးပလာယာခရိုင် ထီးခိုင်ကျေးရွာအနီးသို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ဒူးပလာယာခရိုင် ထီးခိုင်ကျေးရွာအနီးသို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

608
Photo: ယခင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာတွင် ဒူးပလာယာခရိုင် တစ်နေရာသို့ စစ်ကောင်စီ ဗုံးကြဲ ခဲ့သည့်ပုံဟောင်း။

နိုဝင်ဘာ ၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆) ထီးခိုင်ကျေးရွာ အနီး ဝန်းကျင်သို့ စစ်ကောင်စီက ယနေ့ မွန်းလွဲ တစ်နာရီ ဝန်းကျင်တွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက် မှု ပြုလုပ်ခဲ့သည်။

ယခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း ကာလအတန်ကြာ လူနေထိုင်ခြင်းမရှိ သည့် အိမ်၊ အဆောက်အဦး ၃ လုံးထက် မနည်း ထိခိုက်ပျက်စီးသွားသည်ဟု မြေပြင်အခြေအနေသိရှိသူ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

“လာပစ်သွားတာ လူမရှိတဲ့ အဆောက်အဦးတော့ ထိသွားတာရှိတယ်။ ဒါပေမယ့် အဲဒီအဆောက်အဦးက လူမနေ တာတောင်ကြာပြီးဆိုတော့ လူတွေထိခိုက်တာမရှိပါဘူး”ဟု ၎င်းက အတည်ပြု ပြောသည်။

ယနေ့ ဗုံးကြဲခံရမှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကေအိုင်စီက ရရှိသည့် ဓါတ်ပုံများတွင်လည်း လူမနေသည့် အိမ်နှင့် အဆောက်အဦး တစ်ချို့ ထိခိုက်ပျက်စီးသွားသည်ကိုတွေ့ရပြီး ဆိုင်ရာက ပုံဖော်ပြရန် သတင်းရေးသားချိန်ထိ ခွင့်ပြုချက်မရ ဖြစ်နေခဲ့သည်။

ဒူးပလာယာ ခရိုင်၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်းစစ်ကောင်စီတပ်စခန်းကို နယ်မြေခံ ကရင်အမျိုသားလွတ် မြောက်ရေးတပ်မတော်-KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်တို့က စခန်းသိမ်းတိုက်ပွဲပြုလုပ်နေပြီး တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ချို့ ထွက်ပြေးမှုများ ဖြစ်ပွားနေသည်ဟု မြေပြင်သတင်းရင်းမြစ် များထံမှ သိရသည်။