Home သတင်း တပ်ပြန်ဆုတ်လာသည့် စစ်ကြောင်း ဘန်လောရွာအနီးတပ်စွဲထား၍ ဒေသခံများတိမ်းရှောင်

တပ်ပြန်ဆုတ်လာသည့် စစ်ကြောင်း ဘန်လောရွာအနီးတပ်စွဲထား၍ ဒေသခံများတိမ်းရှောင်

664
Photo: Social Media

နိုဝင်ဘာ ၁၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယခုလဆန်းပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရှေ့တိုးမရဖြစ်ကာ တပ်ပြန်ဆုတ်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ဘန်လောရွာအနီး၌တပ်စွဲ စခန်းချထားရာ တိုက်ပွဲဖြစ်မည်ကိုစိုး၍ ဒေသခံတို့ တိမ်းရှောင်သွားသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တနင်္သာရီမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက ပြောသည်။

ယခု လဆန်းပိုင်းတွင် တနင်္သာရီမြို့နယ်အတွင်းရှိ ခြောက်မိုင်၊ ငါးမိုင်၊ ကျွဲထိန်ကုန်းစသည့် ရွာများသို့ စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုးဝင်ရောက် လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းနှင့် ဒေသတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များလာ၍ ယခုလိုတပ်ပြန်ဆုတ်ပြီး ဘန်းလောရွာနှင့် ဗောဓိကမ်းတံတားအနီး၌ တပ်စွဲထားခြင်းဖြစ်သည်ဟု ပဒိုစောထီးဝါးက ပြောသည်။

“သူတို့က အရှေ့ကိုလည်း ဆက်ပြီးတိုးလို့မရတော့ စစ်ကြောင်းတွေအကုန် နောက်ပြန်ဆုတ်လာပြီး တပ်ဆွဲထား တယ်။ တိုက်ပွဲတွေမှာ အထိအခိုက်တွေလည်း များလာတယ်လေး၊ စစ်ကောင်စီဘက်က။ သူတို့က တပ်စွဲထားတဲ့ အတွက် ဒေသခံတော်တော်များများ စစ်ဘေးရှောင်ကုန်ကြပြီး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ တပ်စွဲထား၍ အနီးရှိကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ကာ ကျေးရွာများရှိ ဒေသခံ သုံးပုံ နှစ်ပုံ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားသလို စစ်ကောင်စီဘက်ကလည်း တပ်စွဲထားသည့်နေရာအနီးရှိ ဗောဓိကမ်း တံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ပြီး ဖြစ်သည်ဟု ပဒိုစောထီဝါးက ဆက်ပြောသည်။

၎င်းအပြင် တနင်္သာရီမြို့နယ်၊ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ စစ်ကြောင်းထိုး ဝင်ရောက်လာမှုတို့ကြောင့် ကျေးရွာ ၁၇ ရွာကျော်မှ အရပ်သားပြည်သူများ မကြာခဏ ထွက်ပြေးတိမ်းရှောင် နေရပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့် တိမ်းရှောင်နေရသည်ဟု စစ်ရှောင်များကို ကူညီနေသူ များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်နေ့တွင်လည်း ခြောက်မိုင်ရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသည့် စစ်ကောင် စီတပ်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အပြင် တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်း ခမရ-၅၅၆၊ ခမရ-၅၅၇၊ ခမရ-၅၆၁၊ စစ်ကောင်စီအမြောက်တပ် အမတ-၃၀၆ နှင့် တနင်္သာရီ တံတားကြီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။