နိုဝင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်မှု ပိုမိုလုပ်ဆောင်နေပြီး သက်ကြီးရွယ်အိုမှအစ အစစ်ဆေးခံနေရကြောင်း တန်ဆောင်တိုင်ကာလအတွင်း ခရီးသွားလာသူများထံမှ သိရသည်။
ဖားအံမှ ရန်ကုန်သို့ သွားသည့်လမ်းတစ်လျှောက် စစ်ကောင်စီစစ်ဆေးရေးနေရာ (၈)ခုထက်မနည်းတွင် မှတ်ပုံတင်နှင့်မျက်နှာတိုက်ဆိုင်စစ်ဆေးသည်အထိ သက်ကြီးရွယ်အိုများပါမချန် စစ်တပ်က စစ်ဆေး ရေးတင်းကြပ်မှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ခရီးသွားလာခဲ့သူတစ်ဦးက ဆိုသည်။
၎င်းက “အရင်ကလူကြီးတွေဆိုရင် မှတ်ပုံတင်မတောင်းဘူး၊ အခုကမှတ်ပုံတင်နဲ့မျက်နှာတိုက်စစ်တယ်။ အဲဒါ ရန်ကုန်ထဲမဝင်သေးဘူး (၃)နေရာလောက်ရှိတယ်။ ရန်ကုန်ထဲဝင်တော့လည်း နေရာ(၃)ခု လောက်မှာ စစ်တပ်ကကောင်တွေက ကားပေါ်လိုက်တက်တယ်။ အဖေနာမည်ကအစမေးတယ်။ သွားရေးလာရေးသိပ်မလွယ်တော့ဘူး” ဟု အဆိုပါခရီးသွားက နိုဝင်ဘာ(၁၄)ရက်နေ့တွင် ပြောသည်။
ထို့အပြင် အစစ်အဆေးကြမ်းသဖြင့် နာမည်ကြီးသည့် ဖားအံမြို့အဝင်ရှိ သံလွင်တံတား ဂိတ်နေရာ၌သာမက ဖားအံ-ရန်ကုန် အဝေးပြေးလမ်းမတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစစ်အဆေးပြုလုပ်မှုပိုမိုများပြားလာသဖြင့် ဖုန်းထုတ်မသုံးရဲတော့သည်အထိ သတိထားနေသည် ဟုလည်း နောက်ထပ် ဖားအံ-ရန်ကုန်ခရီးသွားတစ်ဦိးကပြောသည်။
“ကားစပါယ်ယာတွေကအစ ဖုန်းတွေပိတ်ထားဖို့ ပြောတယ်။ ဂိတ်တွေက တစ်နေရာတစ်နေရာ သိပ်မ ဝေးတော့ သူတို့လွန်မှ ဖွင့်သုံးလို့ရရင်ပြောမယ် အဲ့ကျမှသုံးပါပေါ့။ ရန်ကုန်ထဲဝင်တော့လည်း စစ်တာ (၃)နေရာလောက် ရှိတယ်။ ကားတွေပေါ်အထိ အကုန်လိုက်တက်ကြည့်တာ” ဟု ထိုခရီးသွားက ပြောသည်။
သံလွင်ဂိတ်သာမက ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှ (X-Ray) စစ်ဆေးရေးဂိတ်တွင်လည်း ကားကြီးတစ်စီးလျှင် နာရီနှင့်ချီအချိန်ကြာမြင့်စွာ စစ်ဆေးနေ သည့်အတွက် လမ်းခရီးကြန့်ကြာမှုပိုလာကြောင်း ရန်ကုန်-မော်လမြိုင် ခရီးသွားလာသူများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာပါဝင်သော အဖွဲ့ဖွဲ့၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟု ဆိုကာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်သာမက ရန်ကုန်-မန္တလေးအမြန်လမ်း၊ လမ်းဟောင်းနှင့် မန္တလေး-လားရှိုးလမ်း အစရှိသည်တို့တွင် ဂိတ်ချ စစ်ဆေးမှုများပိုလာပြီး ပြည်ပကုန်ပစ္စည်းတင်သွင်းလာမှုကို တားမြစ်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသသတင်းမီဒီယာများက ဖော်ပြကြသည်။
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့်နီးစပ်သည့် ဖားအံ-ရန်ကုန် အဝေးပြေးလမ်းတစ်လျှောက်တွင်မှု ပြည်ပကုန်ပစ္စည်းအပြင် လူငယ် အလေးထား စစ်ဆေးမှုများပိုမိုပြုလုပ်လျက်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။
အလားတူ ဖားအံမြို့အတွင်း၊အပြင်တွင်လည်း စစ်ကောင်စီလုံခြုံရေးချထားသည့် နေရာအများအပြား ရှိနေပြီး၊ ကြုံကြိုက်သည့်အခါတိုင်း လက်ကိုင်ဖုန်းစစ်ဆေးမှုများပါရှိခြင်းကြောင့် နယ်ဝေးမှခရီး သွားများအပြင် ဒေသခံများပါ အသွားအလာသတိထားနေရကြောင်း ဒေသခံတို့၏ပြောပြချက်အရ သိရသည်။