နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ယခု လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများအတွက် လက်ရှိ အနိမ့် ဆုံးလုပ်အားခ တစ်ရက်လျှင် ၃၀၀ ဝန်းကျင်မှ ဘတ် ၄၀၀ သို့ ပြောင်းလဲသတ်မှတ်ပေးနိုင်ဖွယ် ရာရှိကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြချက်အရ သိရသည်။
အနိမ့်ဆုံးလုပ်အားခ ဘတ်(၄၀၀)သို့ တိုးမြှင့်နိုင်ရေး ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးနှင့် အလုပ်သမား ဝန်ကြီးဌာနတို့အကြား တွေ့ဆုံညှိနှိုင်းမှုများရှိခဲ့ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တို့ပါဝင်သည့် အစည်းအဝေးအား ဒီဇင်ဘာလအတွင်း ကျင်းပလုပ်ဆောင်မည်ဟု ထိုင်းမီဒီယာများကို ကိုးကား၍ Migrant Times က ယမန်နေ့တွင် ဖော်ပြသည်။
ထိုသို့ဖော်ပြချက်များနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်စာပို့ အကြောင်းကြားလာခြင်း မရှိသေးသော်လည်း အနိမ့်ဆုံးလုပ်ခ ဘတ်(၄၀၀)သို့ အမှန်တကယ်တိုးမြှင့်ပေးနိုင်ပါက အလုပ်သမား များအတွက် အထောက်အကူများစွာဖြစ်မည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ပြောခွင့်ရ ဦးမိုးကျော်က ဆိုသည်။
“အလုပ်သမား စားဝတ်နေရေး၊ အခွန်အခကိစ္စတွေကတော့ ပိုပြီးအဆင်ပြေနိုင်တာပေါ့။ အလုပ်သမား မိသားစုကျန်းမာရေး ပညာရေးကိစ္စတွေအတွက်လည်း လက်လှမ်းမီလာနိုင်တာပေါ့။ အခုကုန် ဈေးနှုန်းနဲ့တော့ လုပ်ခ ၄၀၀ ဆိုတာများတယ်ရယ်လည်း မဟုတ်ပါဘူး။ ဒီဇင်ဘာအစည်း အဝေးနောက်ပိုင်းတော့ တစ်ရက်လုပ်ခ တိုးမယ့်ကိစ္စက ထူးလာနိုင်ပါတယ်” ဟု ဦးမိုးကျော်က ပြောသည်။
ထို့အပြင် ယခင်က အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ အစိုးရအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံသူ၊ လုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည့်အပေါ်အခြေခံ၍ တစ်ရက်လုပ်အားခ တိုးမြှင့်တော့မည့်သတင်းများ မကြာခဏ ထွက်ပေါ်နေခြင်းဖြစ်သည်ဟုလည်း ဦးမိုးကျော်က ဖြည့်စွက်ပြောသည်။
သို့ရာတွင် ထိုတွေ့ဆုံမှုများအတွင်း လုပ်ငန်းရှင်အားလုံး ပါဝင်နိုင်ခြင်းမရှိသေးသလို ၎င်းတို့ဘက်မှ တစ်နိုင်ငံလုံးရှိအလုပ်သမားများအား လုပ်အားခတန်းတူ လတိုးမြှင့်မပေးလိုသည့် သဘောရှိ သည့်အတွက် အထမမြောက်နိုင်သေးခြင်းဖြစ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့များက သုံးသပ်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ယခုနှစ်အတွင်း တစ်ရက်အလုပ်သမားလုပ်ခ (၃၇၀)ဘတ်ဖြစ် သော်လည်း နေရာဒေသနှင့်လုပ်ငန်းရှင်များအပေါ်မူတည်၍ တစ်ရက်လျှင် လုပ်ခ ဘတ် (၂၀၀)ကျော်သာ ရရှိသည့် တချို့သော ရွေ့ပြောင်းအလုပ်သမားများလည်းရှိနေသည်။
ယင်းအပြင် မြန်မာရွေ့ပြောင်းလုပ်သား အများအပြား နေရာယူထားသော ထိုင်းလုပ်သားဈေးကွက်တွင် သတ်မှတ်လုပ်ခလစာအတိုင်း မရရှိခြင်း၊ အချိန်ပိုဆင်းရသော်လည်း အချိန်ပိုကြေးမရရှိခြင်း၊ အလုပ်သမားအခွင့်အရေးအပြည့်အဝမရရှိခြင်း စသည့်လုပ်ငန်းရှင်များ၏ခေါင်းပုံဖြတ်ခံနေရသူ အများစုမှာ မြန်မာအလုပ်သမားများဖြစ်သည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် တစ်ရက်လုပ်ခတိုးမြှင့်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ပေးခဲ့ပြီးဖြစ်သော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ဖော်ပြပါခေါင်း ပုံဖြတ်ခံရမှုများ၊ နိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်အထောက်အထားများအတွက် ကုန်ကျစရိတ်များ နှင့်နှိုင်းယှဥ်ပါက လောက်ငှရုံမျှဖြစ်ကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။



















