နိုဝင်ဘာ ၁၂ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီက ၁၀ ရက်အတွင်း တိုက်လေယာဉ်၊ ဒရုန်းတို့ဖြင့် ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံနေအိမ် ၂၀ လုံး ထိခိုက်ပျက်စီးသွားသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂ ရက်နေ့မှ စ၍ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း လေကြောင်းမှ တိုက်လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ(၆)နာရီ ဝန်းကျင်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု TNLA က ယနေ့ နံနက်ပိုင်းတွင် ပြောဆိုသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် နောင်ချိုမြို့နယ်ရှိ ရဲစခန်းနှင့် စျေးရပ်ကွက် အတွင်းရှိ နေအိမ် ၄ လုံးနှင့် တောင်ရပ်ကွက်တွင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြော သည်။
နောင်ချိုမြို့ရှိ ဒေသခံအမျိုးသား တစ်ဦးက “ဒီတစ်ပတ်အတွင်းမှာပဲ လေကြောင်းနဲ့ ပစ်ခတ်ခံရတာက ဆက်တိုက် ဆိုသလို ဖြစ်လာတယ်။ ဒရုန်းတွေလည်း ပါတယ်။ မြို့ပေါ်မှာတော့ ဒေသခံတွေသိပ်မနေကြတော့ ဘူး။ ရွာတွေ ဘက်ကိုရှောင်လာကြတယ်။ စစ်တပ်က ဒေသခံတွေရှိတဲ့နေရာတွေကို အဓိကထားပြီး ဗုံးကြဲ နေတာ”ဟု ယနေ့ နံနက်ပိုင်းတွင် ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် မြောင်ဇီးရွာသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သွားခဲ့သည်။ ထို့အပြင် နိုဝင်ဘာ၂ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်လာရောက်ပြီး ဗုံး ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
စစ်တပ်က အာဏာသိမ်းမှုပြုလုပ်သည့် သုံးနှစ်ကျော်အတွင်း တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက ဒေသခံတို့၏ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် စုစုပေါင်း အိမ် ၁၀၅,၃၁၄ လုံးအထိရှိပြီး ဖြစ်သည်ဟု လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar က နိုဝင်ဘာ ၁၀ ရက် တွင်ထုတ်ပြန်ထားသည်။
အဆိုပါ Data for Myanmar ၏ ဖော်ပြချက်များအရ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများ ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် အရပ်သားနေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်တွင် နေအိမ်ပေါင်း ၄၆,၈၅၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင်လည်း ၃၁,၄၈၄ လုံးနှင့် ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ နေအိမ် ပေါင်း ၂၁,၀၂၃ လုံးမီးလောင်ပျက်စီးခဲ့သည်ဟု အဆိုပါ သုတေသနအဖွဲ့က ထုတ်ပြန်ပြောသည်။



















