Home သတင်း ၂၀၂၄နှစ်ကုန် အကြို အတွေးစများ (အယ်ဒီတာ့ အာဘော်)

၂၀၂၄နှစ်ကုန် အကြို အတွေးစများ (အယ်ဒီတာ့ အာဘော်)

135

(အယ်ဒီတာ့ အာဘော်)

၂၀၂၄နှစ်ကုန် အကြို အတွေးစများ

ယခု နိုဝင်ဘာလသည် ခရစ်နှစ် ၂၀၂၄၊ ကုန်ဆုံးရန် ရက် ၆၀ နီးပါးသာ လိုတော့သည်။ ယခုနှစ် ဖေဖော်ဝါရီလသည် ၂၉ ရက်ရှိသည့်အတွက် ရက်ပေါင်း ၃၀၆ ကုန်လွန်ပြီးဖြစ်သည်။ သာမန်အားဖြင့်ဆိုလျင် နှစ်တစ်နှစ်အတွက် ကုန်လွန်သွား သည့်နေ့ရက်နှင့် ကျန်ရှိသည့်နေ့ရက်များကို အလေးထား ရေတွက်လေ့မရှိ ဖြစ်တတ်သည်။ ယခုနှစ် ကုန်လွန်ခဲ့သည့် နေ့ရက်များကို ပြန်တွေးကြည့်လျင် ခဏတာလေးအတွင်းသာဟု မိမိတို့၏ စိတ်အတွေးထဲတွင် ဖြစ်လေ့ရှိသည်။ စင်စစ် မှာမူ အချိန်သည် လူကိုမစောင့်ဘဲ ရွှေ့လျားနေဆဲ၊ သွားနေဆဲပင် ဖြစ်သည်။

ကုန်လွန်ခဲ့သည့် ရက် ၃၀၆ရက်ကျော်အတွင်း ပြန်ကြည့်မည်ဆိုလျင် ပြီးခဲ့သည့်မေလက အပူချိန်စံချိန်တင် မြင့်တက်မှု၊ စက်တင်ဘာလအတွင်း အဆိုးရွားဆုံးရေကြီးမှု စသည့်သဘာဝဘေး အမျိုးမျိုးကို ကြုံခဲ့ရသည်။ ကော်သူးလေနယ်မြေ တွင် သောင်ရင်းမြစ်၊ စစ်တောင်းမြစ် စံချိန်တင်ရေကြီးသဖြင့် လူ့အသက်များဆုံးပါးပြီး နေအိမ်၊ ကျွဲ၊ နွား၊ ဝက်၊ ကြက် စသည်ဖြင့် သေကြေဆုံးရှုံးခဲ့သလို စိုက်ပျိုးသီးနှံခင်းများစွာလည်း ပျက်စီးခဲ့သည်။

တဖန် စီးပွားရေးဘက်တွင်လည်း နိုင်ငံရေးအကျိုးဆက်ကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ကာ ပြည်သူတို့ ဆင်းရဲ ဒုက္ခများစွာ ကြုံနေရသည်။ မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်း စားနပ်ရိက္ခာ မလုံလောက်မှုကြုံနေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP-World Food Program) ထောက်ပြပြောဆိုချက်က သက်သေသာဓကတစ်ခုဖြစ်သည်။

ယင်းအပြင် စစ်ရေး၊ နိုင်ငံရေးဘက်ကို ကြည့်မည်ဆိုလျင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် သျှမ်း(ရှမ်း)မြောက်တစ်ခွင်ကို စစ်ကောင်စီတို့လက်လွတ်ခဲ့ရပြီး သမိုင်းတွင် မရှိဖူးသေးသည့် စစ်တိုင်းဒေသကြီးများကို တော်လှန်ရေးအင်အားစုတို့ သိမ်းယူနိုင်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ အခြား ရခိုင်နှင့် ကချင်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း မြို့ရွာများကို တော်လှန်တပ်တို့ သိမ်းနိုင်ခဲ့သည်မှာ အားလုံးအသိဖြစ်သည်။

စစ်ရှုံးအာဏာရှင်တို့ကလည်း “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော” ဆိုသည့်စိတ်ဓာတ်ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီး ပြည်သူလူထုကို လူသားဒိုင်းအသွင် ပေါ်ပေါ်တင်တင် အသုံးပြုရေး စီမံလုပ်ဆောင်လာပြန်သည်။ အကျိုးဆက်အနေဖြင့် လူငယ်လူရွယ်တို့ အများအပြား ပြည်ပသို့ ထွက်ခွာရပြီး အသက်ရှင်ရပ်တည်နိုင်ရေး မလွယ်ကူ စွာ ရုန်းကုန်နေရသည်ကို တွေ့နိုင်သည်။ ဤလုပ်ရပ်ကြောင့် လူငယ်များ၏ အနာဂတ်များ ပျောက်ဆုံးသွားသလို တိုင်း ပြည်၏ အနာဂတ်သည်လည်း ပျက်စီးခဲ့ရသည်။

အထူး တိုက်တွန်းလိုသည်မှာ တော်လှန်ရေးအင်အားစုများ၏ နယ်ပယ်အသီးသီးတွင်လည်း ဦးဆောင်သူများအနေဖြင့် တိုင်းရင်းသားပြည်သူတို့၏ အနာဂတ် လှပစေရေးကို အလေးထားကာ ပြုပြင်ပြောင်းလဲသင့်သည်များကို လုပ်နိုင်သ လောက် လုပ်ဆောင်သွားရန် မျှော်လင့်မိပါသည်။ ထို့အပြင် သဘာဝဘေး၊ စီးပွားရေး အကျပ်အတည်းမျိုးစုံ ကြုံနေရ သည့်ပြည်သူများအတွက် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူများသို့ မျက်နှာမူပြီး ကျန်ရှိနေသေးသည့်နေ့ရက်များတွင် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှုကို စွန့်လွှတ်ကာ စိတ်စေတနာကောင်း ပြသရန်လိုသည်။

တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း ယခုနှစ်အတွက် ကျန်ရှိချိန်အတွင်း မိမိတို့တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီ ချမှတ် ထားသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပြည့်မှီအောင် ဂရုစိုက် ဖြတ်ကျော်ကြရန်နှင့် အခက်အခဲများကြားမှ မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ နေထိုင်ရာ ရပ်ရွာဒေသ ပတ်ဝန်းကျင်နှင့် မိမိတို့၏ လုပ်ငန်းခွင်အသီးသီးတို့တွင် အကျိုး ရှိရှိ၊ တန်ဘိုးရှိရှိ ဖြတ်သန်းကုန်လွန်သွားကြစေလိုပါသည်။