Home သတင်း စစ်ဘေးရှောင်တစ်ဦးချင်း၏ ၆ လစာ ဆန်ရိက္ခာအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၄ သန်းလိုအပ်ကြောင်း KPSN ပြော

စစ်ဘေးရှောင်တစ်ဦးချင်း၏ ၆ လစာ ဆန်ရိက္ခာအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၄ သန်းလိုအပ်ကြောင်း KPSN ပြော

103

နိုဝင်ဘာ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင် တစ်ဦးချင်းစီအတွက် ၂၀၂၅ ခုနှစ်တွင် ၆ လစာဆန်ရိက္ခာထောက်ပံ့နိုင်ရန် အနည်းဆုံး အမေရိ ကန်ဒေါ်လာ ၁၁၄ သန်းလိုအပ်ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က ယနေ့ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက်ပွဲတွင် ပြောသည်။

“တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်” အမည်ရှိ အွန်လိုင်းဖြင့်ပြုလုပ်သည့် အဆိုပါ အစီရင်ခံစာမိတ်ဆက်ပွဲတွင် KPSN က ထိုသို့ ဖော်ပြပြောဆိုသွားခြင်းဖြစ်ပြီး သဘာဝဘေး အန္တရာယ်ပေါ်အခြေခံသည့် ဆန်စပါးရိတ်သိမ်းနိုင်မှု အခက်အခဲနှင့် စားနပ်ရိက္ခာ အကျပ်အတည်းများအပြင် စစ်ရေးပဋိပက္ခများကြောင့် ကော်သူးလေ၏နေရပ်စွန့်ခွာရသူဦးရေသည် ယခု စက်တင်ဘာ ၂၀၂၄ အထိ ၁ သန်းကျော်ရှိသည်ဟု ဆိုသည်။

KPSN ၏ ဒါရိုက်တာ နောဝါးခူးရှီးက “စပါးတွေပျက်စီးတာကြောင့် သီးထပ်စိုက်တာတို့၊ အစားထိုး သီးနှံစိုက်တာတို့ လုပ်ဖို့ရှိတယ်။ တချို့နေရာတွေမှာဆိုလည်း ဆန်ဂိုဒေါင်လုပ်ဖို့ စီမံကိန်းတွေထားပြီး ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ နိုင်ငံတကာအကူအညီကို မှီခိုနေရပေမယ့်လည်း ကျမတို့ နိုင်ငံတကာ ကရင်အဖွဲ့တွေ၊ ဘုရားကျောင်းတွေကနေလည်း စစ်ရှောင်တွေကိုကူညီဖို့ အထောက်အပံ့ရတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်ကအာဏာသိမ်းထားသည့် ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီအခြေစိုက်သည့် တပ်စခန်း ပေါင်း (၇၀) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအများစုကို ပြန်လည်ရရှိခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

KNLA ၏ စစ်ရေးတိုးချဲ့လာမှုအပေါ် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက် မှုများကို ပိုမိုပြုလုပ်ခဲ့ခြင်းကြောင့် ကော်သူးလေဒေသများရှိ စစ်ဘေးရှောင်ဦးရေကို တိုးပွားစေခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် မှ ဩဂုတ်လ ၂၀၂၄ ခုနှစ် အထိ ကေအဲန်ယူ ခရိုင် ၇ ခု တွင် အရပ်သားထိခိုက်မှု ၁ ထောင်ကျော်ရှိခဲ့ပြီး သထုံခရိုင်နှင့် ညောင်လေးပင်ခရိုင်က အများဆုံးဖြစ် သည်။ ယင်းအပြင် စက်တင်ဘာလ ၂၀၂၄ ခုနှစ်အထိ စစ်ဘေးရှောင်ဦးရေ ၄ သိန်းကျော်ဖြင့် ညောင်လေးပင်ခရိုင်က အများဆုံးဖြစ်သည်ဟု KPSN ၏ အဆိုပါအစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီ၏မြေပြန့်အခြေစိုက် စစ်တောင်းမြစ်ဝှမ်း၊ နေပြည်တော်တို့နှင့်နီးကပ်ပြီး KNLA ပူးပေါင်းတပ်၏ ထိန်းချုပ်နယ်မြေများဖြစ်လာသော ညောင်လေးပင်ခရိုင်သို့ စစ်တပ်က ပိုမိုပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ပြီး စုစုပေါင်းစစ်ရှောင်ဦးရေမှာလည်း ၂၀၂၃ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း တိုးမြှင့်သွားကြောင်း KPSN က ဖော်ပြသည်။

စစ်ရှောင်ဦးရေ တိုးပွားလာသည်နှင့်အမျှ KPSN အပါအဝင် ကရင်လူသားချင်းစာနာမှုအဖွဲ့အစည်းများ၏ တုံ့ပြန်အကူအညီပေးမှု လိုက်ပါတိုးမြှင့်လာပြီး ကော်သူးလေနယ်မြေအားလုံးကို လက်လှမ်းမီနိုင် စွမ်းရှိသော်လည်း နယ်စပ်ဖြတ်ကျော်မှုအကူအညီ မပေးနိုင်သေးခြင်းက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာအလှူရှင်များအနေဖြင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများ၌သာ လှုပ်ရှားနိုင်သော ရန်ကုန် အခြေစိုက် အကူအညီပေးရေးအဖွဲ့များထံမှတဆင့်သာ ထောက်ပံ့မှုစီးဆင်းနေရသောကြောင့်အမှန်တ ကယ်လိုအပ်သည့်လူထု လက်ဝယ်သို့ တိုက်ရိုက်မရောက်ရှိနိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် စားနပ်ရိက္ခာနှင့် လုံခြုံရေး အကျပ်အတည်းဖြေရှင်းနိုင်ရေးသည် လူထုစိုက်ပျိုးရေး စီမံကိန်းအသစ်များကို ပံ့ပိုးပေးနိုင်မည့် ရန်ပုံငွေထောက်ပံ့မှုများလိုအပ်သလို ဖြေရှင်းနိုင်ခြင်းမရှိပါက ကော်သူးလေနယ်မြေများကို စွန့်ခွာလာသော ဒုက္ခသည်အရေအတွက် အများအပြား တိုးလာနိုင်သည်ဟုလည်း KPSN က သုံးသပ်ဖော်ပြသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်( KPSN)သည် ကရင်လူထုအခြေပြုအဖွဲ့အစည်း ၂၀ ကျော်ဖြင့် ပါဝင်ဖွဲ့ စည်းထားသည့် ကွန်ရက်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များသည် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် ၁၀ စုနှစ်ပေါင်းများစွာ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ကူညီပေးလာခဲ့သည့် လူမှုအဖွဲ့အစည်းများဖြစ်သည်။