Home သတင်း ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ကတိုက်ခိုက်မှု ၃ ဦးသေဆုံး

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ကတိုက်ခိုက်မှု ၃ ဦးသေဆုံး

673
Photo​: တောင်ပိုင်းတိုင်းစစ်ဒေသ လူမှုကွန်ရက်စာမျက်နှာ

နိုဝင်ဘာ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဆေးရိုးခင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ(၁)ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF (တောင်ပိုင်းတိုင်းစစ်ဒေသ)က သတင်းထုတ်ပြန်ထားသည်။

KNLA တပ်ရင်း(၉)အပါအဝင် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်ရင်း(၃၇၀၂)၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ(၂)စစ်ကြောင်းတို့ ပူးတွဲပါဝင်သော တပ်ဖွဲ့က ဆေးရိုးခင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏တပ်စခန်းအား တိုက်ခိုက်ရာ တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးသည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ထုတ်ပြန်ချက်က ဆိုသည်။

“ညောင်ပင်သာနားက ဆေးရိုးခင်ရွာမှာ ခေတ္တယာယီ လာဆောက်ထားတဲ့စခန်း။ အဲဒီစခန်းကို ဝင်စီးတာ ရသွားတယ်။ စစ်တပ်ဘက်က သေတာက (၄)ယောက်လောက်ရှိတယ်လို့ ကြားတယ်။ စခန်းထဲက လင်မယား(၂)ယောက်ကိုလည်း အရှင်ဖမ်းမိသေးတယ်။ အဲဒီနေ့က လက်နက်ကြီးလည်း တနေကုန်ပစ်နေတာ။” ဟု စခန်းတိုက်ခိုက်ခံရသည်နှင့်ပတ်သက်၍ ကျောက်ကြီးဒေသခံ အမျိုးသားက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ G3 သေနတ်(၁)လက်နှင့် အခြားလက်လုပ်သေနတ်များအပါအဝင် ခဲယမ်းများကို KNLA ဘက်ကသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် ဆေးရိုးခင်ကျေးရွာရှိ ဒေသခံ(၂)ဦးသေဆုံးခဲ့ကြောင်းလည်း တောင်ပိုင်းစစ်ဒေသ၏ထုတ်ပြန်ချက်က ဖော်ပြထားသည်။

Photo​: တောင်ပိုင်းတိုင်းစစ်ဒေသ လူမှုကွန်ရက်စာမျက်နှာ

စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်မှုတွင် KNLA ပူးပေါင်းတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိသလိုကေအိုင်စီအနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးတိုက်ခိုက်မှုဒဏ်အများဆုံးခံနေရသည့် ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့်အောက်တိုဘာလပိုင်းမှစကာ တိုက်ပွဲများ တကျော့ပြန်ပြင်းထန်လာလျက်ရှိသည်။ မုန်းမြို့နယ်ရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးခဲ့ရသူများလည်း ရှိနေကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တုံးတံတား တပ်စခန်းကို ပြန်လည်စိုးမိုးနိုင်ရေး အင်အားအများအပြားဖြင့် စစ်ကြောင်းဝင်ရောက်မှုများရှိနေပြီး ထိုနယ်မြေတဝိုက်ရှိ ရွာများတွင် တိုက်ပွဲပြင်းထန်နေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။