နိုဝင်ဘာ ၂၇ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ သူးကဘီး (ကျွဲတလင်း)ကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကေအဲန်ယူ၊ ကျောက်ကြီးမြို့နယ် ပြောခွင့်ရ ပဒိုစောဝါးမူက ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် စစ်ကောင်စီက နိုဝင်ဘာ ၂၆ ရက်နံနက် ၈ နာရီတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဆေးရုံအဆောက်အဦးနှင့် အခြား အဆောက်အဦး ၂ လုံးထိခိုက်ပျက်စီးသွားခြင်းဖြစ်သည်ဟု ပဒိုစောဝါးမူက ယခုလိုပြောသည်။
“မနက်အချိန်မှာဆိုတော့ ဆေးရုံထဲမှာလည်း လူတွေရှိနေတယ်။ ဒါပေမဲ့ ဒေသခံတွေ ထိခိုက်တာမျိုးတော့မရှိဘူး။ ဆေးရုံထဲမှာဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေတော့ ထိခိုက်ပျက်စီးသွားတယ်။ ပြည်သူတွေ ဆေးကုသ နိုင်ဖို့အတွက်တော့ တခြားနေရာကို ရွှေ့ပြောင်းထားရတယ် လတ်တလောမှာတော့” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တပ်မဟာ(၃)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယခုလပထမပတ်အတွင်း သမင်အင်းကုန်း ကျေးရွာသို့ ဒရုန်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းများပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ကျောင်း ဆရာ၊ ဆရာမများနှင့် စာသင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများမှာလည်း စာသင်ကြားနိုင်ရန် နေရာထိုင်ခင်းအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ပြီးခဲ့တဲ့တစ်ခေါက်က စာသင်ကျောင်းကို ဗုံးကြဲသွားတာ အခုချိန်ထိ ကလေးတွေ စာသင်ကြားဖို့နေရာထိုင်ခင်း အခက်အခဲတွေရှိနေတယ်။ ပြီးတော့ စစ်တပ်ကထပ်ပြီး ဒရုန်းနဲ့လာကြဲမှာကို ကြောက်နေတဲ့အတွက် စာသင်ကြား တာကိုခဏရပ်ထားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို အကြောင်းမဲ့ အရပ်သားများနေထိုင်ရာသို့ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကို စစ်ကောင်စီက ပြုလုပ်နေသည့်အတွက် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသလို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် တပ်မဟာ(၃)နယ်မြေအတွင်းရှိ နောင်ကုန်းကျေးရွာနှင့် ရွာကြီးအင်းကျေးရွာသို့ စစ်ကောင်စီက နိုဝင်ဘာ ပထမအပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းကြောင့် ကျေးရွာတွင်းရှိ အိမ်ခြေ ၁,၁၅၂ လုံးမှ ဒေသခံ ၆,၄၅၁ ဦးတို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်းမာရေးနှင့် စားနပ်ရိက္ခာပြသနာများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။