Home သတင်း ကော့ကရိတ်မြို့ပြင်ဘက် ၃နေရာတွင် တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်မြို့ပြင်ဘက် ၃နေရာတွင် တိုက်ပွဲပြင်းထန်နေ

954
Photo- CJ

အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အဝင် လှိုင်ဝ၊ ကွက်သစ်၊ တံတန်ကူး၊ ကော့နွဲ၊ ရွာသစ်ကုန်းနေရာများဘက်တွင် စစ်ကောင်စီ အောင် ဇေယျစစ်ကြောင်းများနှင့် အောက်တိုဘာ ၂၆ ရက်မှ ယနေ့ ၂၇ ရက်နေ့နံနက်ပိုင်းအထိ တိုက်ပွဲပြင်း ထန်နေကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်ထံမှ သိရသည်။

ကော့ကရိတ် တော်လှန်ရေးအရင်းအမြစ်တစ်ခုက “မနေ့က တတန်ကူး၊ ရွာသစ်ကုန်း၊ ကော့နွဲကို စစ်တပ်က လက် နက်ကြီး ပစ်ထုတ်နေတာ၊ စစ်ကူတက်ဖို့ သူတို့တက်လို့ မရဘူး။ ဒီမနက်အစောကြီး ၅နာရီလောက်မှာ လှိုင်ဝ ကွက်သစ်၊ သီလရှင်ကျောင်းဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်။ အလုံးကြီးက မကြာမကြာ ကျပေါက်နေတယ်။ အာရှလမ်းကို တက်လို့ မရသေး တာကို စစ်ကူတွန်းပို့နေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီက ဒေါနတောင်လမ်းဟောင်းနေရာဘက်ရှိ ကြောင်လျှာကုန်း၊ ရန်ကုတ်၊ မိဖာလဲ၊ အောက်ဘိုတဲ နေရာများအား စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများရှိနေကြောင်း တော်လှန်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

Photo- CJ

အလားတူ ကိုးတိုင်၊ ကျုံဒိုးလမ်းပိုင်းဘက်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှား မှုမရှိစေရေး ကျုံဒိုးစစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ အချို့နှင့် ပူးပေါင်း၍ စစ်အင်အား တိုးမြင့်ချထားပြီး ရွေ့လျားစစ်ကြောင်းများ လမ်းလုံခြုံရေး ချထားကြောင်း သိရသည်။

“ ကျုံဒိုးစစ်တပ်နဲ့ ကျုံဒိုး BGF တွေကို ညီညာသာလင်း၊ လေးတိုင်ရွာဘက်က အောင်ချမ်းသာဘုန်းကြီးကျာင်းမှာ တပ်စွဲထားတယ်။ ကိုးတိုင်ဘက်အထိ စစ်ကြောင်းဖြန့်ပြီး ခြေလျင်သွားနေတယ်။ ၇ တိုင် ရွာဘက်က စစ်သားပါ ပေါင်းရင်အင်အား ၂၀၀ လောက် ရှိတယ်၊ ဒရုန်းလည်းပျံတယ်။ ” ဟု ကျုံဒိုးဒေသ တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည် ။

လတ်တလောအခြေအနေအရ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းများ ယခုအောက်တိုဘာလအတွင်း အာရှလမ်း မလမ်းပိုင်း ပြန်လည်စိုးမိုးရေး စစ်ဆင်အရှိန်တိုးမြင့်တိုက်ခိုက်လာလျက်ရှိသည်။ လေကြောင်းပစ်ကူလက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်သော်လည်း စစ်သုံးယာဉ်များ၊ လက်နက်ခဲယမ်းများ ဆုံးရှုံးပြီး မြေပြင်စစ်ကြောင်းများလည်း အထိအခိုက်အကျအဆုံးများနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။