Home သတင်း ဝင်းရေးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရ၊ ဘုရားကျောင်းပျက်စီး

ဝင်းရေးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရ၊ ဘုရားကျောင်းပျက်စီး

814
Photo- KNU

အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ပနော်ကလဲခီးရွာသို့ အောက်တိုဘာလ(၂၅)ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး၊ ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦး သေဆုံး၊ (၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုလည်း ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက်(၁၁)နာရီခန့်က စစ်ကောင်စီ၏ နေပြည်တော်တပ်စခန်းမှ Yak-130 အမျိုးအစား တိုက်လေယာဥ် တစ်စင်းဖြင့် လာရောက်ဗုံးကြဲချခဲ့မှုကြောင့် အသက်(၃၀)အရွယ် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အသက်(၃၃)နှစ်အရွယ် ဒေသခံအမျိုးသမီး (၁)ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမတိုင်ခင်ကလည်း စစ်ကောင်စီမှ မှော်ဘီလေတပ်စခန်းရှိ Y-12 လေယာဥ်တစ်စီးဖြင့် အဆိုပါနယ်မြေတစ်ဝိုက်သို့ ထောက်လှမ်းမှုများလုပ်ဆောင်ခဲ့သေးကြောင်း ကေအဲန်ယူက ပြောသည်။

Photo- KNU

စစ်ကောင်စီ၏တိုက်ခိုက်မှုများ ဒေသခံထိခိုက်ဒဏ်ရာရရှိမှုအပါအဝင် လူထုပိုင်နေအိမ်(၂)လုံး အပျက် အစီးများခဲ့သလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုလည်း ခေါင်မိုးပွင့်ထွက် ပျက်စီးခဲ့ရသည်ဟု ကေအဲန်ယူ-ဗဟိုဘက်၏ထုတ်ပြန်ချက်တွင် ပါရှိသည့် ပုံများအရ သိရသည်။

အဆိုပါလေကြောင်းပစ်ခတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှထုတ်ပြန်ပြောဆိုမှု မတွေ့ ရသေးသလို KNU ၏ ဝင်းရေးမြို့နယ်ဘက်သို့ ကေအိုင်စီသတင်းဌာနမှ ဆက်သွယ် မေးမြန်းရာတွင်လည်း လတ်တလောဖြေကြားနိုင်ခြင်းမရှိသေး၍ နောက်မှပြန်ဆက်သွယ်ရန် တုံ့ပြန်ပြောဆိုသည်။

Photo- KNU

အောက်တိုဘာလ(၁၃)ရက်နေ့မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များက ဝင်းရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏အနန်းကွင်း စစ်ဗျူဟာစခန်းကို ပိတ်ဆို့တိုက် ခိုက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ စစ်ကောင်စီဘက်မှလည်း စစ်ရေးပစ်မှတ်မဟုတ်သော လူထုနေထိုင်ရာ အနီးတဝိုက်ရှိ ကျေးရွာများကို လေကြောင်းရော လက်နက်ကြီးပါ တုံ့ပြန်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

ထို့ကြောင့် ဒေသခံအိမ်ခြံမြေများ ပျက်စီးဆုံးရှုံးမှု များပြားနေသလို နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ (၃,၀၀၀) ခန့်ရှိနေပြီဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။