Home သတင်း လက်နက်အားကိုး အာဏာလုမှုကို လိုက်လျောစရာမရှိ (အယ်ဒီတာ့ အာဘော်)

လက်နက်အားကိုး အာဏာလုမှုကို လိုက်လျောစရာမရှိ (အယ်ဒီတာ့ အာဘော်)

128

အယ်ဒီတာ့ အာဘော်

လက်နက်အားကိုး အာဏာလုမှုကို လိုက်လျောစရာမရှိ

(၁၉-၁၀-၂၀၂၄)

အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ထိုးခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ယခင်ထုံးစံအ တိုင်း စစ်ကောင်စီခေါင်းဆောင်က မိန့်ခွန်းတစ်ရပ် ပြောခဲ့သည်။

ထိုမိန့်ခွန်းအဆုံးပိုင်းတွင် စစ်ကောင်စီခေါင်းဆောင်က “လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည် စေမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေး သွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။”ဟု ပြောဆိုထားသည်။ ထိုသို့ပြောဆိုမှုသည့် တိုင်းရင်းသားပြည်သူ တို့နားလည်ထားသည့် လက်ရှိနိုင်ငံရေးအခြေအနေအရ ဆီနှင့်ရေပမာ တစ်ခြားစီဖြစ်နေသည်။

စင်စစ် မြန်မာ့နိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကိုကာကွယ်ရမည့် စစ်တပ်၏ ပင်မတာဝန်ထက် လက်နက်အား ကိုးဖြင့် ပြည်သူ့အာဏာကိုလုယူခဲ့သည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ အထူးသဖြင့် အာဏာရှင်စစ်ခေါင်းဆောင်များ ဆယ်စုနှစ်ချီ အကြောင်းမျိုးစုံပြပြီး အာဏာလုယူခဲ့သည်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအသိပင် ဖြစ်သည်။

ပြည်သူ့အာဏာဟုဆိုရသည့် အကြောင်းရင်းခံကို အနည်းငယ် ပြောလိုသည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အချာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက်လာခြင်းသည် ဒီမိုကရေစီ၏ အခြေခံသဘောတရားတစ်ခု ဖြစ်သည်။ ယခင် စစ် အုပ်စုက စိတ်တိုင်းကျရေးဆွဲခဲ့ပြီး ယခုလက်ရှိချိန်တွင် တိုင်းရင်းသားများနှင့် အတိုက်အခံ အင်အားစုတို့က လက်မခံ ပယ်ဖျက်လိုက်ပြီး ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူ ပုဒ်မ ၄ ၌ “နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်။”ဟု ဖော်ပြခဲ့သေးသည်။

ထို့အတွက် တိုင်းရင်းသားပြည်သူလူထုထံမှ ဆင်းသက်လာသည့် နိုင်ငံအာဏာအတွက် ဖက်ဒရယ်ဒီမိုကရေစီနည်းကျ တည်ဆောက်လိုသည်မှာ အခါအခွင့်သင့်သည့် ရွေးကောက်ပွဲတိုင်းတွင် သက်သေပြခဲ့ပြီး ဖြစ်သည်။ သို့သော် စစ်ခေါင်း ဆောင်များက ရရှိလာသည့်အာဏာကို အလွဲသုံးကာ စစ်တပ်ကိုအသုံးချပြီး လက်နက်အားကိုးဖြင့် တိုင်းရင်းသားပြည် သူတို့ လိုလားချက်ကို အကြိမ်ကြိမ်မျက်ကွယ်ပြုပြီး ကိုယ်ကျိုးအတ္တကိုသာကြည့်ခဲ့သည်မှာ ထင်ရှားလျက်ရှိပါသည်။

“တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့ ရှူစရာမရှိ”ဟု ကွယ်လွန်သွားပြီးဖြစ်သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ပြောစကားသည် ထင်ရှားလှသည့် သာဓကတစ်ခု ဖြစ်ခဲ့သည်။

ထိုသို့ တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒကိုသာ အလေးထားပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာဝပြောရေးအ တွက်သာ မျက်နှာမူလျင် ယခုလို အတ္တ၊ အာဏာကို ရှေ့တန်းတင်မည်မဟုတ်ဘဲ ပြည်သူ့ဆန္ဒကိုသာကြည့်မည်မှာ ဧကန်မုချ ပြောဖွယ်မရှိ။

လက်ရှိတိုင်းပြည်၏ ပကတိအခြေအနေကို ပြန်ကြည့်မည်ဆိုလျှင် စစ်ခေါင်းဆောင်တို့ တွက်ကိန်းမှာခဲ့သည်မှာ ထင်ရှား သည်။ မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြမည်။ တိုင်းပြည်ကို ပြည်ပ အထူးသဖြင့် အနောက်တိုင်းတို့ကချယ်လှယ် မည်စသဖြင့် ဝါဒဖြန့်ကာ ပြည်သူ့အာဏာကို လုယူခဲ့ပြီး ယခင်အကြိမ်များကအတိုင်း ထိန်းချုပ်နိုင်မည်ဟု တွက်ဆခဲ့ကြ သည်။

စင်စစ် ၂၁ ရာစု သတင်းဆက်သွယ်ရေးနည်းပညာ ခေတ်တွင် ယခုလို အလွယ်တကူ လိမ်ညာဝါဒဖြန့်၍မရနိုင်။ ထို့အ ပြင် အကြောက်တရားရိုက်သွင်း အုပ်ချုပ်ရေးသည်လည်း ယခင်လို လက်တွေ့မကျ လုပ်ချင်သလိုလုပ်၍ မရဖြစ်ခဲ့ပြီး လွဲချော်မှုများစွာနှင့်သာ အာဏာရူးတို့ ပက်ပင်းတိုးခဲ့သည်။

တိုင်းရင်းသားပြည်သူတို့ကလည်း လက်နက်အားကိုး အာဏာလုမှုကို ယခုတစ်ကြိမ်တွင်တော့ မည်သို့မျှ လိုက်လျော စရာ အကြောင်းမရှိ။ လက်နက်အားကိုးသူကို လက်နက်ကိုင်ပြီး ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့သည်မှာ လက်ရှိအချိန် ထိ အောင်မြင်မှု တစ်စုံတစ်ရာ ခရီးရောက်သွားခဲ့ပြီးဖြစ်သည်။ ထို့အတွက် တိုင်းပြည်ကိုအမှန်တကယ်ချစ်လျှင် ပြည်သူ့ အာဏာကို ပြည်သူ့ထံပြန်အပ်ပြီး စစ်ခေါင်းဆောင်များ စစ်တန်းလျားသို့ပြန်သွားခြင်း၊ နိုင်ငံရေးအခင်းအကျင်း၌ မပါဝင် ခြင်းဖြင့် သက်သေပြရန်သာ လိုတော့သည်။