Home ဆောင်းပါး မီဒီယာ ဘက်မလိုက်ရဘူးနဲ့ ဘက် ၄ဘက်ကနေ ချဉ်းကပ်ခြင်း

မီဒီယာ ဘက်မလိုက်ရဘူးနဲ့ ဘက် ၄ဘက်ကနေ ချဉ်းကပ်ခြင်း

393

မီဒီယာ ဘက်မလိုက်ရဘူးနဲ့ ဘက် ၄ဘက်ကနေ ချဉ်းကပ်ခြင်း

ဆိုမီယာကျော်

(၁၆-၁၀-၂၀၂၄)

သတင်းတု၊ သတင်းမှားနဲ့ အတုအစစ်ရောမွှေပြီး ပုံမှားရိုက်ထားတဲ့ သတင်းတွေ(Deepfakes)အချိန်အခါ မရွေး အကြောင်းအရာ၊ အဖြစ်အပျက်တစ်ခုမဟုတ်တစ်ခုကို အခြေပြုပြီး သို့တည်းမဟုတ် နှီးနွယ်ဆက်စပ်ပြီး အမြဲတမ်းလို လို ပေါ်ထွက်နေမှာပါ။

နိုင်ငံကြီးတွေအကြားက (အထူးသဖြင့် အမေရိကန်နဲ့တရုတ်နိုင်ငံအကြား၊ အမေရိကန်နဲ့ရုရှနိုင်ငံအကြား၊ အမေရိကန် – အစ္စရေးနဲ့ အာရပ်နိုင်ငံများအကြား စသဖြင့်) နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှုစတဲ့ပြိုင်ဆိုင်မှုတွေကလည်း သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် ထိုးနှက်ကြ၊ သရုပ်ဖျက်ကြတဲ့ သတင်းတွေ အဆက်မပြတ် ပေါ်ထွက်လာစေဖို့ အဓိကရေခံမြေခံ ဖြစ်နေပါတယ်။

ဒုတိယတစ်ခုကတော့ စီးပွားရေးလုပ်ငန်းတွေ (အထူးသဖြင့် ကုမ္ပဏီအုပ်စုကြီးတွေ)အကြားက သူ့ကုန်ပစ္စည်း ငါ့ကုန်ပစ္စည်း အသဲအသန် ယှဉ်ပြိုင်မှုတွေကလည်း သူ့ကုမ္ပဏီ ငါ့ကုမ္ပဏီ၊ သူ့ကုန်ပစ္စည်း ငါ့ကုန်ပစ္စည်းအတွက် အပြန် အလှန် အမွှမ်းတင်ကြတဲ့၊ အပြန်အလှန်သရုပ်ဖျက်ကြတဲ့ သတင်းတွေပေါ်ထွက်လာစရာ ရေသောက်မြစ်တစ်ခုပါပဲ။

တတိယတစ်ခုကတော့ ရုပ်ရှင်၊ ဂီတ၊ အားကစား စတဲ့ ဖျော်ဖြေရေးကဏ္ဍက ဆယ်လီဘရစ်တီတွေရဲ့ (အချစ် ရေး၊ အိမ်ထောင်ရေး စတဲ့) ကိုယ်ရေးကိုယ်တာတွေနဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။

စတုတ္ထတစ်ခုကတော့ သာမန်ရန်ပွဲတစ်ခု၊ လူသတ်မှုတစ်ခု၊ မုဒိမ်းမှုတစ်ခုကနေ အစပြုပြီး အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုသလို ရုတ်တရက် ပေါ်ပေါက်ဖြစ်ပွားလာတတ်တဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကြီးတွေ ပါပဲ။

ပဉ္စမတစ်ခုကတော့ သဘာဝဘေးအန္တရာယ် သို့မဟုတ် ရောဂါကပ်ဘေးနဲ့ဆက်နွယ်ပြီး ကြောက်မက်ဖွယ် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလောက်အောင် အကျယ်ချဲ့ထားတဲ့ သတင်းတု၊ သတင်းမှားနဲ့ အတုအစစ် ရောမွှေပြီး ပုံမှားရိုက်ထားတဲ့ သတင်းတွေပါပဲ။

ဒါတွေဟာ တိုင်းပြည်တစ်ခုကဖြစ်စေ၊ ထောက်လှမ်းရေး သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေးဌာနတစ်ခုဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုကဖြစ်စေ၊ လူမှုရေးဘာသာရေး၊ အသင်းအဖွဲ့တစ်ခုကဖြစ်စေ၊ ငွေကြေးနဲ့လောင်းကစား ရာဇဝတ် ဂိုဏ်းတစ်ခုကဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းကဖြစ်စေ သူတို့လိုအပ်ချက်နဲ့ အကျိုးစီးပွား ရည်ရွယ်ချက်၊ အကြံအစည်အမျိုးမျိုးအပေါ် မူတည်ပြီး အကောင်းအဆိုး ဘာကိုမဆို အကွက်ချ ဖန်တီးနိုင်တဲ့ ရေခံမြေခံတွေပါပဲ။ နည်းပညာတွေ၊ အတတ်ပညာနဲ့ ခေတ်မီဆက်သွယ်ရေးကိရိယာတွေကလည်း လက်ထဲမှာ လက်တစ်ကမ်းမှာ ရေကန် အသင့် ကြာအသင့်ရှိနေတာကြောင့် တမဟုတ်ချင်း အလွယ်တကူ ဖြန့်လို့ရပါတယ်။

သတင်းဌာနတွေကလည်း အခြေခံအားဖြင့် (၆)မျိုးလောက် ရှိနိုင်ပါတယ်။
၁။ အစိုးရကချုပ်ကိုင်ထားတဲ့ သတင်းဌာနတွေ
၂။ သတင်းမီဒီယာလုပ်ငန်းကိုပဲ သီးသန့်လုပ်ကိုင်နေတဲ့ ကမ္ဘာ့မီဒီယာကြီးတွေ
၃။ စီးပွားရေးကုမ္ပဏီကြီးတွေ ချုပ်ကိုင်ထားတဲ့ သတင်းဌာနတွေ
၄။ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ပါတီအဖွဲ့အစည်း၊ အသင်းအဖွဲ့တစ်ခုခုက ချုပ်ကိုင်ထားတဲ့ သတင်းဌာန တွေ
၅။ ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာတစ်ခုခုကို ဖော်ပြဖို့ဖွဲ့စည်းထားတဲ့ သတင်းဌာနတွေ
၆။ “လွတ်လပ်သော သို့မဟုတ် နယ်ခြားမဲ့၊ နယ်စည်းမထား” စတဲ့ ဝိသေသတစ်မျိုးမျိုးပါရှိတဲ့ သတင်းဌာန တွေ

သတင်းမီဒီယာဆိုတာမှာလည်း အများစုက သတင်းစာ၊ ရုပ်ရှင်၊ ဂီတ၊ အားကစား၊ ရုပ်သံဇာတ်လမ်း ရိုက်ကူး ထုတ်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းမျိုးစုံရဲ့ ကြော်ငြာတွေနဲ့ ခွဲလို့ခွာလို့ မရနိုင်အောင်ပဲ တွဲဖက်နေတာပါ။ ဒီလိုလုပ်ငန်း နဲ့ လုပ်ငန်းစုတွေကို ကုမ္ပဏီကြီးတွေ လုပ်ငန်းရှင်ကြီးတွေက (တစ်ဦးတည်းပိုင်သို့မဟုတ် အစုစပ် စသဖြင့်) ပိုင်ဆိုင်ချုပ် ကိုင်ထားတာပါ။

ဒီနေရာမှာ ဆက်စပ်နေတဲ့ မီဒီယာသမားတွေအကြားမှာ တွေ့ရကြုံရတာများတဲ့ အငြင်းပွားပြဿနာတစ်ခု ဖြစ်တဲ့ “မီဒီယာ ဘက်မလိုက်ရဘူး” ဆိုတဲ့ကိစ္စကို တင်ပြပါ့မယ်။

“မီဒီယာ ဘက်မလိုက်ရဘူး” ဆိုတဲ့ပြဿနာကို ဘက် ၄ဘက်ကနေကြည့်ပြီး ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်ဖို့ ပဲ တင်ပြချင်တာပါ။ အဲဒီဘက် ၄ဘက်ကတော့
ပထမတစ်ချက်က သတင်းတစ်ခု သို့မဟုတ် သတင်းဆောင်းပါးတစ်ခုကို ဖော်ပြနေတဲ့ သတင်းဌာနကို ဘယ် တိုင်းပြည်အစိုးရ၊ ဘယ်အုပ်စု၊ ဘယ်ပုဂ္ဂိလ်က ပိုင်ဆိုင်ချုပ်ကိုင်ထားသလဲဆိုတဲ့အချက်ကို မြင်အောင်ကြည့်ရမှာပါ။ တနည်းအားဖြင့် အထက်မှာတင်ပြခဲ့တဲ့ အမျိုးအစား ၆မျိုးထဲမှာ ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာကို မပျက်မ ကွက် ရှာဖွေကြည့်ရှုဖို့ပါ။

ဒုတိယအချက်က သတင်းဌာနက လက်တွေ့ကျင့်သုံးနေတဲ့ ပေါ်လစီမူဝါဒပါ။
တတိယအချက်က ဘယ်လိုသတင်းတွေ အမျိုးအစားကိုပဲ အဓိကအားဖြင့် အသားပေးတင်ပြပြီး ဘယ်လို သတင်းမျိုးတွေကို တင်ပြလေ့မရှိ (သို့မဟုတ်) ဝတ်ကျေတမ်းကျေပဲ တင်ပြသလဲဆိုတဲ့အချက်ကို မြင်အောင် စူးစမ်းရှာ ဖွေကြည့်ဖို့ပါ။

စတုတ္ထအချက်ကတော့ သူတို့တင်ပြနေတဲ့ သတင်းအချက်အလက်နဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထားပုံပါပဲ။ လိုလားတဲ့သဘောထားမျိုးလား၊ မလိုလားတဲ့သဘောထားမျိုးလား၊ အဲဒီသတင်း၊ အဲဒီဖြစ်ရပ်အပေါ် အမွှမ်းတင် ချီးမွမ်း နေသလား – သို့တည်းမဟုတ် ပြစ်တင်ရှုံ့ချနေသလား ဒီအချက်အလက်တွေကို သေသေချာချာ စိစစ်ကြည့်ရှုဖို့ပါ။

သတင်းဖတ်သူ၊ သတင်းကြည့်ရှုသူတိုင်းဟာ သူဖတ်နေတဲ့သတင်း၊ သူကြည့်နေတဲ့သတင်းကို ဒီဘက် ၄ဘက်၊ ဒီအချက် ၄ချက်နဲ့ မပျက်မကွက် အလေးထားပြီး ဆက်စပ်ကြည့်တတ်မယ်၊ ကြည့်ရှုတယ်ဆိုရင် သတင်းတစ်ခုချင်း အပေါ်မှာရော “မီဒီယာ ဘက်မလိုက်ရဘူး” ဆိုတဲ့ပြဿနာကိုပါ သူ့တစ်ဦးချင်းအနေနဲ့ ကိုယ်ပိုင် အကဲဖြတ်ချက်ကို လွတ်လပ်စွာပေးနိုင်မှာ ဖြစ်ပါတယ်။ “မီဒီယာ ဘက်မလိုက်ရဘူး” ဆိုတာကို သူတို့အပြောတစ်ခုထဲနဲ့ ဆုံးဖြတ်ရမှာ မဟုတ်ဘဲ အထက်မှာ တင်ပြခဲ့တဲ့ အချက် ၄ချက်၊ ဘက် ၄ဘက်နဲ့လည်း မပျက်မကွက် ဆက်စပ်ပြီး အကဲဖြတ်မှသာ ဒီပြဿနာကို ကြည်ကြည်လင်လင် ကြည့်မြင်နိုင်မှာပါ။ အကဲဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု အကျိုးစီးပွားကိုယ်စီ၊ ရည်ရွယ်ချက် အသီးသီးရှိကြတဲ့ မီဒီယာဌာနတွေက တင်ပြနေတဲ့ ဘယ်လို သတင်းတွေကိုမဆို ဘက်မလိုက်ဘဲ အစွဲကင်းဖို့ မျှော်လင့်နေတာမျိုးဟာ စိတ်ကူးယဉ်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။

နွေဦးတော်လှန်ရေးဖြစ်လာတော့ ကျနော်တို့တိုင်းပြည်မှာ သတင်းဌာနတွေ၊ သတင်းသမားတွေဟာ “ဓမ္မဘက် က ရပ်မှာလား – အဓမ္မဘက်က ရပ်မှာလား” ဆိုတဲ့ မေးခွန်း သို့မဟုတ် စည်းကြောင်းခြားမှုနဲ့ တွေးခေါ်မှုအပိုင်းမှာရော လက်တွေ့လုပ်ငန်းမှာပါ။ မလွဲနိုင်မရှောင်နိုင်ဘဲ ရင်ဆိုင်တိုးကြရပါတော့တယ်။

“မီဒီယာလွတ်လပ်ခွင့်” (ဟိုးတချိန်ကတော့ သတင်းစာလွတ်လပ်ခွင့် – စာနယ်ဇင်းလွတ်လပ်ခွင့်)၊ “အနုပညာ လွတ်လပ်ခွင့်”တို့ဆိုတာဟာ ဒီမိုကရေစီဘယ်လောက်ရှိသလဲဆိုတဲ့ အတိုင်းအတာပြဿနာပါ။ အရင်းစစ်လိုက်ရင် နိုင်ငံ ရေးပြဿနာပါ။

မြန်မာနိုင်ငံရဲ့ စာပေနဲ့ သတင်းစာကဏ္ဍဟာ နိုင်ငံရေးနဲ့ လုံးလုံးလျားလျား ဆက်စပ်နေတာပါ။ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ၊ ဆရာမကြီးတွေ၊ သတင်းစာဆရာကြီးတွေ၊ ဆရာမကြီးတွေဟာ နိုင်ငံရေးနဲ့ဆက်နွယ်နေတာပါ။ အဲဒီလိုဆက်နွယ်နေမှုက ဒီနေ့ကာလအထိ ဖြစ်ပါတယ်။

ဒီနေ့ကာလမှာ မီဒီယာလုပ်ငန်းမှာ စင်တစ်ခုအဖြစ် တင့်တယ်စွာ နေရာရနေကြပြီဖြစ်တဲ့ DVB – မဇ္ဈိမ – နိရဉ္ဇရာ – ဧရာဝတီ စတဲ့သတင်းဌာနတွေဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ ဆက်နွယ်နေပြီး လက်ရှိမှာလည်း အဲဒီအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြဖူးသူတွေကပဲ ဦးစီးနေကြတာပါ။ BBC – VOA – RFA စတဲ့ သတင်းဌာနကြီးတွေရဲ့ မြန်မာပိုင်းကဏ္ဍတွေမှာ တာဝန်ယူခဲ့ဖူးသူ တာဝန်ယူနေကြသူတွေထဲက အများစုဟာ နိုင်ငံရေးနဲ့ တစ်နည်းမဟုတ်တစ် နည်း ဆက်နွယ်နေသူတွေ၊ နိုင်ငံရေးလှုပ်ရှားမှုထဲက လာကြသူတွေပါ။

ဒီတော့ အထက်မှာတင်ပြခဲ့သလို ဒီနေ့မျက်မှောက်ကာလမှာလည်း (၁-၂-၂၀၂၁)ခုနှစ် စစ်တပ်အာဏာသိမ်း ပိုက်မှုကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်လာတဲ့အခါ မီဒီယာတွေ၊ သတင်းသမားတွေအတွက် “ဓမ္မဘက်က ရပ်မှာ လား – အဓမ္မဘက်က ရပ်မှာလား” ဆိုတဲ့ မေးခွန်းသို့မဟုတ် စည်းကြောင်းခွဲခြားမှုနဲ့ တွေးခေါ်မှုအပိုင်းမှာရော လက် တွေ့လုပ်ငန်းမှာပါ။ မလွဲနိုင်မရှောင်နိုင်ဘဲ ရင်ဆိုင်တိုးကြရပါတော့တယ်။

ဒီမှာလည်း မီဒီယာတွေ၊မီဒီယာသမားအတွက် အခြေခံလွတ်လပ်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုရေးသား ဖော်ပြခွင့်အတွက် မလွဲမသွေ တိုက်ပွဲဝင်ရမယ့်တာဝန်ကိုယ်စီရှိပါတယ်။ သို့သော်လည်း နိုင်ငံရေးပါတီအဖွဲ့အစည်း တွေလို၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တော့ လက်တွေ့ကျင့်သုံးမှုပိုင်းမှာ နည်းနာအရမတူတာ ကွဲပြားတာတွေ ရှိမှာပါ။ ရှိနိုင်ပါတယ်။ တစ်တန်းထဲ တစ်ပြေးညီတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကလည်း မီဒီယာဌာနတစ်ခုချင်း၊ မီဒီယာ သမားတစ်ဦးချင်း စွဲကိုင်ကြတဲ့ ပေါ်လစီမူဝါဒတွေ၊ ခံယူချက်တွေနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်။

“တစ်ဖက်က လုံးဝအမှန်၊ တစ်ဖက်က လုံးဝအမှား” ဆိုတဲ့ ရေးသားတင်ပြပုံမျိုးနဲ့တော့ မီဒီယာတွေက ကျင့်သုံး လို့ မဖြစ်ပါဘူး။ အာဏာသိမ်းစစ်ကောင်စီ (စကစ) စစ်အုပ်စုရဲ့ ပေါ်လစီတွေ လက်တွေ့လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူတွေအတွက် ဘယ်လိုအကျိုးမရှိဘူးဆိုတာ ဘယ်လိုထိခိုက်နစ်နေရတယ် ဆိုတာတွေကို ခိုင်ခံ့တဲ့ အချက်အလက် အကိုးအကားနဲ့ တိကျပြတ်သားစွာ ညွှန်ပြကြရမယ့် တာဝန်ရှိပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီ (စကစ)စစ်အုပ်စုက နေ့စဉ်နဲ့အမျှ ထုတ်လွှင့်ဖြန့်ဝေနေတဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံသတင်းဌာနတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးဌာန၊ သတင်းထုတ်ပြန်ရေးဌာနတွေ၊ လက်သပ်မွေးထားတဲ့ အမည်ခံ ကြေးစားသတင်းဌာနတွေ၊ ဆိုရှယ်မီဒီယာအုပ်စုတွေကနေတဆင့် ဖြန့်ဝေနေတဲ့ သတင်းတု၊ သတင်းမှားနဲ့ အတုအစစ် ရောမွှေပြီး ပုံမှားရိုက်ထားတဲ့ သတင်းတွေ(Deepfakes) ကို ဖော်ထုတ်ဖွင့်ချပြီး သတင်းအမှန်တွေ အချက် အလက်အမှန်တွေ ပြည်သူထံတင်ပြရမယ့်တာဝန်ဟာ တာဝန်သိ – သိက္ခာရှိ မီဒီယာများနဲ့ မီဒီယာသမားများရဲ့ ပုခုံးပေါ် မှာ ကျရောက်နေပါတယ်။

ဒီတာဝန်တွေကို မီဒီယာဌာနတွေ၊ သတင်းသမားတွေက သူတို့ ဆည်းပူးလေ့လာထားတဲ့ သတင်းမီဒီယာပညာ နဲ့ ကျင့်ဝတ်နဲ့အညီ တည့်မတ်တည်ကြည်စွာ ဖော်ထုတ်ရေးသားဝေဖန်ရင်းနဲ့ ထမ်းရွက်ကြရမှာပါ။

ဒီလို လက်တွေ့နည်းလမ်းနဲ့ပဲ “ဓမ္မဘက်ကရပ်မှာလား – အဓမ္မဘက်က ရပ်မှာလား” ဆိုတဲ့ မေးခွန်း သို့မဟုတ် စည်းကြောင်းခွဲခြားမှုကို အဖြေပေးကြရမှာပါ။
ဒီလိုမှ မဟုတ်ဘဲ တိုင်းပြည်မှာ အုပ်စိုးခဲ့ကြတဲ့ စစ်အစိုးရအဆက်ဆက်က ကိုင်စွဲခဲ့ကြတဲ့ “မီဒီယာကို မီဒီယာနဲ့ တိုက်” ဆိုတဲ့ပေါ်လစီကို ပုံတူကူးပြီးတုန့်ပြန်လို့ မဖြစ်ပါဘူး။ စစ်အစိုးရအဆက်ဆက်ရဲ့ ပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ် ဆင်ရေးဌာနက အဆက်မပြတ် ဖြန့်ချီထုတ်လွှင့်ခဲ့ကြတဲ့ မဟုတ်မမှန်တာတွေကို မဟုတ်မမှန်တာနဲ့၊ လုပ်ကြံသရုပ် ဖျက်ချဲ့ကားထားတာတွေကို လုပ်ကြံသရုပ်ဖျက်ချဲ့ကားထားတာတွေနဲ့ ကောလဟလကို ကောလဟလနဲ့ ဆိုက်ဝါးကို ဆိုက်ဝါးနဲ့တုန့်ပြန်လို့ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ ကျနော်တို့ စွဲကိုင်ထားတဲ့ မီဒီယာပညာနဲ့ ကျင့်ဝတ် သိက္ခာကို ကျနော်တို့ကိုယ်တိုင်က အလိုတူအလိုပါ အိုးမဲသုတ်တာ၊ ရွံ့ပုပ်တွေနဲ့လိမ်းတာမျိုး ဘယ်လိုမှ မဖြစ်သင့် မဖြစ် ထိုက်ပါဘူး။

သတင်းတုသတင်းအမှားတွေကို သတင်းအစစ်သတင်းအမှန်တွေနဲ့၊ အမှောင်ကို အလင်းနဲ့၊ သရုပ်ဖျက် လုပ်ကြံ ဖန်တီးထားတာကို ပကတိဖြစ်ရပ်မှန်တွေနဲ့ အချိန်နဲ့တပြေးညီ တုန့်ပြန်နေကြရမှာကာ မိမိရဲ့မီဒီယာပညာနဲ့ ကျင့်ဝတ် သိက္ခာကို လေးစားတန်ဖိုးထားတဲ့ မီဒီယာသမားနဲ့ မီဒီယာဌာနတွေရဲ့လုပ်ငန်းတာဝန်ပါပဲ။

ဒီလိုမှမဟုတ်ဘဲ အာဏာသိမ်းစစ်ကောင်စီ (စကစ)စစ်အုပ်စုက နေ့စဉ်နဲ့အမျှ ထုတ်လွှင့်ဖြန့်ဝေနေတဲ့ သတင်း တုသတင်းမှားတွေကို ကျနော်တို့ကလည်း သတင်းတုသတင်းမှားတွေနဲ့၊ လုပ်ကြံဖန်တီးထားချက်တွေနဲ့ပဲ ပြန်ပြီးတုန့် ပြန်နေမယ်ဆိုရင် ပြည်သူလူထုရဲ့ နားမျက်စိနဲ့ဦးနှောက်ထဲကို အာဏာသိမ်း(စကစ)စစ်အုပ်စုနဲ့ အလိုတူအလိုပါ အဆိပ် ခပ်သလို ဖြစ်နေပါလိမ့်မယ်။

အလေးအနက် သတိပြုသင့်တဲ့ နောက်တစ်ချက်ကလည်း ကျနော်တို့တိုင်းပြည်က မီဒီယာတွေနဲ့ မီဒီယာသမား တွေဟာ အခြားတိုင်းပြည်တွေက မီဒီယာတွေ၊ မီဒီယာသမားတွေနဲ့မတူတဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ အနေအ ထားပါပဲ။ အထင်အရှားမြင်နိုင်တဲ့ အချက် ၂ချက်ရှိပါတယ်။

တစ်အချက်က ကျနော်တို့နိုင်ငံက မီဒီယာနဲ့ မီဒီယာသမားတွေဟာ ဒီမိုကရေစီအရေးနဲ့ တန်းတူရေးအတွက် နိုင်ငံရေးပါတီအဖွဲ့အစည်းများနဲ့ ရင်ဘောင်တန်းပြီး ဖိနှိပ်အုပ်စိုးသူအစိုးရတွေကို ခေတ်အဆက်ဆက် တိုက်ပွဲဝင်နေရ တယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

နှစ်အချက်ကတော့ မီဒီယာသမားတွေဟာ နိုင်ငံရေးနယ်ပယ်၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ နယ်ပယ်ပေါင်း စုံကနေ ပါဝင်လာကြသူတွေ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ ပြည်တွင်းပြည်ပ မီဒီယာတွေ ပါဝင်လုပ်ကိုင်နေသူတွေကို အဲဒီနယ်ပယ်က လူတွေပါဝင်နေတာဖြစ်ကြောင်း အထင်အရှား မြင်နိုင်တွေ့နိုင်ပါတယ်။

ဒီလိုထူးခြားချက်တွေရှိနေလို့ ကျနော်တို့ မီဒီယာတွေနဲ့ မီဒီယာသမားတွေဟာ ဒီမိုကရေစီအရေးနဲ့ တန်းတူရေး အတွက် တိုက်ပွဲဝင်ရမယ်ဆိုတဲ့ တာဝန်ရှိနေတာမှန်ပေမယ့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းထူ ထောင်ထားတဲ့ ဝါဒဖြန့်ချိရေး၊ ပြန်ကြားရေးအဖွဲ့တွေလို တန်းတူသဘောထားပြီး ပြုမူလုပ်ကိုင်ဆောင်ရွက်တာမျိုးတော့ လည်း မဖြစ်သင့်ပါဘူး။

မီဒီယာဟာ ပြည်သူ့နား၊ ပြည်သူ့မျက်စိ၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့နစ်နာချက်တွေကို လေ့လာစုံ စမ်းဖော်ထုတ်တင်ပြရမယ်။ ဆော်ဩတိုက်တွန်းရမယ်။ တိုက်ပွဲဝင်ရမယ်ဆိုတဲ့ မူလတာဝန်ကနေ တစ်ဆံချည်မျှ ယိမ်းယိုင်သွေဖည်သွားတာမျိုး မဖြစ်သင့်ပါဘူး။