Home သတင်း ဖားအံ ရေကြီးရေလွှမ်းမှုဆက်ရှိနေသေးသဖြင့် လူတစ်သောင်းကျော် ရေဘေးရှောင်နေဆဲ

ဖားအံ ရေကြီးရေလွှမ်းမှုဆက်ရှိနေသေးသဖြင့် လူတစ်သောင်းကျော် ရေဘေးရှောင်နေဆဲ

589
Photo: မာဃ အသင်း နှင့် CJ

စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရပ်ကွက်များနှင့် သံလွင်မြစ်ကမ်းဘေးနေရာများတွင် ရေကြီး ရေလွှမ်းမှုကြောင့် စက်တင်ဘာလ ၁၃ ရက်မှ ယနေ့ ၁၆ ရက်နေ့အထိ ရေကြီးနစ်မြှုပ်မှုဆက်ရှိနေခြင်းကြောင့် မြို့ပေါ် ရေဘေးရှောင်စခန်း ၁၇ ခုမှာ လူတစ်သောင်းငါးထောင်ခန့် ဆက်ရှိနေသေးကြောင်း လူမှုကူညီရေး အသင်းတာဝန်ရှိ‌‌သူများက ပြောသည်။

ဖားအံမြို့မိမြို့ဖ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် တာဝန်ရှိသူတစ်ဦးက “ရေက ဆက်မတက်ဘူး။ ရေတိုင်ရေတန့်ပြီးနည်းနည်းပြန်ကျနေတယ်။ ဒီကနေ့မနက်မှာ ၂ ပေလောက်ပြန်ကျပေမယ့် မြို့ပေါ်၇၀ ရာခိုင်နှုန်းလောက်ရေရှိနေသေးတော့ ရပ်ကွက်သားတွေ ဆက်ရှောင်နေရတုန်းပဲ။ အားကစားရုံ တို့ ထ ၁၊ ထ ၄၊ ထ ၃ ကျောင်းခန်းမတွေမှာ လူအပြည့်ပဲလေ၊ မုတ္တမပင်လယ်ဒီရေတိုးချိန်ရှိနေတော့ မော်လမြိုင်ပင်လယ် ရေထရက်ဖြစ်နေတော့ ပြန်ကျဖို့ နှစ်ရက်သုံးရက်စောင့်ရမယ်ထင်တယ်။ ”ဟု ပြောသည်။

ဆက်လက်၍ အဆိုပါ ရေဘေးရှောင်စခန်းများတွင် နေထိုင်ခိုလှုံကြသည့် ရေဘေးသင့်ပြည်သူများ၏ စားရေးသောက်ရေးအတွက်ကို မြို့ခံလုပ်ငန်းရှင်များနှင့်တစ်ပိုင်တစ်နိုင်အလှူရှင်များက အဓိက စီစဉ်ပေးနေသည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

Photo: မာဃ အသင်း နှင့် CJ

လက်ရှိ အချိန်အထိ ဖားအံမြို့နှင့် အခြားမြို့ရွာ ကျေးရွာများအား ဆက်သွယ်သည့်လမ်းပိုင်းများ ရေပြန်လည် ကျဆင်းမှုရှိသော်လည်း ကားကြီးများသာသွားလာ၍ရပြီး အိမ်စီးကားများ၊ ဆိုင်ကယ်များကိုမူ သွားလာ၍ မရသေးကြာင်း၊ လူနှင့်အစားအသောက်ဖြန့်ဝေမှုကို လှေဖြင့်သာသွားလာကူညီနေရကြောင်း ရေကြီးရေလွှမ်းနေသည့်အခြေအနေကို အမှတ် ၄ ရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

“သံလွင်မြစ်ရေကပြန်ကျနေပြီ၊ ဖြေးဖြေးချင်းပဲ။ ဆိုတော့ ကားတွေဆိုင်ကယ်တွေသွားလို့မရသေးဘူး။ ဆယ် အိမ်စုတို့လှာကမြင်တို့ရေမြှုပ်နေတုန်းပဲ။ ထောင်ဝိတို့ ၊ ဖားမဲတောင်လမ်းသွယ်တွေမှာ ရေဝပ်နေတုန်းပဲ။ စာသင်ကျောင်း နဲ့ဘုန်းကြီးကျောင်းမှာတော့ ရေဘေးရှောင်တွေစားဖို့က လာပို့လာလှူတာ တွေချက်ပြီး ကျွေးဖို့လုပ်ကူနေကြတုန်းပဲ။ အိမ်ပြန်ဖို့မရသေးဘူး”ဟု ၎င်းအမှတ် ၄ ရပ်ကွက် ဒေသခံက ပြောသည်။

ကရင်ပြည်နယ်အတွင်း မြို့နယ် ၇ ခုတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေစီးဝင်သည့်သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အထ္ထရံမြစ်၊ ဇမိမြစ်၊ ဟောင်သရောမြစ်၊ လှိုင်းဘွဲချောင်း၊ သောင်ရင်းမြစ်နှင့် ယွန်းစလင်းချောင်းများအတွင်း ရေတိုးဝင်သည့်အတွက် ရေကြီးရေလွှမ်းမှုများ ယခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ယခု စက်တင်ဘာလအထိ ၃ ကြိမ်မြောက် ရေကြီးရေလွှမ်းမှုဆက ဖြစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။