စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ရေကြီးနေသည့် ဖားအံမြို့အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် စက်တပ်လှေများ မလုံ လောက်မှုကြောင့် ကူညီကယ်ဆယ်ရေးအတွက် နှောင့်နှေးမှုများ ဖြစ်ပေါ်နေရကြောင်း ဖားအံမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
“မန္တလေးတိုင်းတွေမှာဆို စက်ပစ္စည်းအင်အား လူအင်အား ရှိတော့ ဖြစ်တဲ့နေရာကို အားမနာတမ်း သွားလို့ရ တာပေါ့။ ဖားအံကျတော့ အဲ့လိုမရှိဘူး။ ရေဘေးကူညီကယ်ဆယ်ရေးမှာ စက်လှေကအဓိကပဲ။ အစား အသောက် ထောက်ပံ့ရေးတွေက ပြည်သူတွေကပဲ ထောက်ပံ့ပေးတော့ ပူစရာမရှိဘူး။ သူတို့ဆီ သွားရောက် ဖို့ အတွက် လှေပဲလိုတာ” ဟု ၎င်းတာဝန်ခံက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သံလွင်မြစ်ရေ ၉၅၀ စင်တီမီတာမှ ၉၆၈ စင်တီမီတာ အထိ စံချိန်တင် မြင့်တက်ခဲ့ သည့် ကာလအတွင်း ဖားအံမြို့တွင်းရှိ ရေဘေးသင့် ပြည်သူပေါင်း (၁,၂၀၀) ကျော်ကို ၎င်းတို့တွင် ရှိနေသည့် စက်လှေများဖြင့် ကယ်ဆယ်ခဲ့ရကြောင်း၊ ဖားအံမြို့နယ်တစ်ခုလုံးအနေဖြင့် ပြည်သူပေါင်း (၃,၀၀၀) နီးပါးကို ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရကြောင်း ၎င်းတာဝန်ခံက ဆက်ပြောသည်။
လက်ရှိ သံလွင်မြစ်ရေသည် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည်ခင်းအချိန် တိုင်းတာချက်အရ (၄၁) စင်တီမီတာခန့်ထိ ကျဆင်းသွားသော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ရှိနေသေးကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်ထားသည်။ ကျေးရွာများဘက်တွင် ကူညီ ကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်ပေးနေရသေးကြောင်းလည်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆိုသည်။

ယခုနှစ်၏ ဒုတိယအကြိမ်ရေကြီးမှုတွင် ဖားအံမြို့ပေါ်ရှိ ရပ်ကွက် ၉ ရပ်ကွက်စလုံးသာမက သံလွင်မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများတွင်လည်း ရေကြီးလွှမ်းမိုးများ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဖားအံမြို့ပေါ် ရေဘေးရှောင် စခန်း (၂၆) ခုအထိဖွင့်ထားပြီး ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ရသည်ဟု ကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။
သို့သော် ဖားအံမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူအချို့မှာ ကူညီကယ်ဆယ်မှုများ အချိန်မီ မရောက် လာနိုင်သောကြောင့် ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့ခဲ့ကြရသလို အဆိုပါ ပြောင်းရွှေ့ကြရသူများထဲတွင် သက်ကြီး ရွယ်အိုများအပြင် မသန်စွမ်းသူများနှင့် နာမကျန်းဖြစ်နေသူများလည်း ပါဝင်သည်ဟု ဖားအံမြို့နေ အမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။
“ကယ်ဆယ်ရေးတွေမလာခင် ကျမတို့ခြံထဲမှာဆို ကျမရဲ့တစ်ရပ်မြှုပ်သွားပြီး။ အမေကလည်း လမ်းမလျှောက်နိုင် ဘူးလေ။ အိမ်နီးချင်းရဲ့လှေရှိလို့တော်သေးတယ်။ သူ့လှေနဲ့ထွက်လာရတာ”ဟု သူမက ကေအိုင်စီသို့ ပြောသည်။
အလားတူ ရေဘေးဒုက္ခပိုမိုကြုံတွေ့နေရသည့် တောင်ငူမြို့ဘက်သို့ လူအင်အား ၂၀ခန့်ပါဝင်သည့် ကူညီ ကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ကို ဖားအံ လူမှုကယ်ဆယ်ရေးအဖွဲ့က စေလွှတ်ထားရသောကြောင့် ကျန်ရှိသည့် လူအင်အား နှင့် မော်လမြိုင်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက လာရောက်ပူးပေါင်းကူညီပေးနေကြောင်းလည်း ကူညီကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောသည်။



















