စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသွားသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ငမန်းက ပြောသည်။
ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့မှစ၍ ဂျိုတောင်ရွာ ခရစ်ယာန်ဘုရားကျောင်း၌ တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်း ဖြင့် စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
“စစ်ရေးအခြေနေက တင်းမာနေတုန်းပဲ။ ရက်ရှည်တိုက်ပွဲတွေက ခဏခဏ ဖြစ်တယ် ဒီဘက်တွေမှာ။ ကျနော်တို့ ဘက်ခြမ်းမှာကလည်း တိုက်ပွဲအခြေနေကိုကြည့်ပြီး သတင်းထုတ်ပြန်နေရတာမျိုးရှိတော့ တချို့သတင်းတွေက သိပ်မတင်ဖြစ်ဘူး” ဟု ရဲဘော်ငမန်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ စစ်ရေးတင်းမာနေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် မော်တော်ယာဉ် တစ်စီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထက်မနည်းသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွား သည်ဟု ကျွန်းစု ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောဆိုသည်။
ထို့အပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဂျိုးတောင်ရွာနှင့် တဆက်တည်းတည်ရှိသည့် ဝါရစ်ရွာဘက်သို့ စစ်ကောင်စီစစ်ကြောင်းခြေလျင်အင်အား ၇၀ ဝန်းကျင်ဖြင့်ရောက်ရှိလာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်နေသည်ဟု ဒေသခံများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ဆက်စပ်၍ ကျွန်းစုမြို့နယ်အတွင်းရှိ ဂျိုတောင်ရွာ၊ ဝါရစ်ရွာ၊ သထာရွာ၊ သပြေပင်ရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်မှ စတင်ပြီးလကုန်ပိုင်းအထိ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ ကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်အသိပေးထားသည်။



















