Home သတင်း ထိုင်းသစ်တောနယ်မြေအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသော ကရင်ရသေ့ဆိုသူနှင့် နောက်လိုက် ၃၀ ဦးအတွက် အမှုလိုက်ပေးမည့်အဖွဲ့မရှိသေး

ထိုင်းသစ်တောနယ်မြေအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသော ကရင်ရသေ့ဆိုသူနှင့် နောက်လိုက် ၃၀ ဦးအတွက် အမှုလိုက်ပေးမည့်အဖွဲ့မရှိသေး

489
Photo: Social Media

စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အမျိုးသားသစ်တောဥယျာဉ်ဧရိယာထဲ၌ ခွင့်ပြုချက်မရှိဘဲ တရားမဝင်၊ ဝင်ရောက် နေထိုင်မှုဖြင့် ထိုင်းသစ်တောဌာန၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသော ကရင်ရ သေ့ဆိုသူနှင့် နောက်လိုက် ၃၀ ဦးတို့အား အမှုလိုက်ပေးမည့် အဖွဲ့များမတွေ့ရှိရသေးကြောင်း ထိုဒေသ အတွင်းရှိ ကရင်အရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

အမျိုးသားသစ်တောဥယျာဉ် (Srinakarin Dam National Park )ထဲတွင် ဝင်ရောက်နေထိုင်သည့် ဆံပင်ရှည် ရသေ့အဆောင်အယောင်ဝတ်ဆင်ထားသူ ကရင်ရသေ့တစ်ပါး အပါအဝင် အမျိုးသမီး၊ လူကြီး လူငယ်ပါ နောက်လိုက် ကရင်လူမျိုး ၃၀ ဦးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့က အဆိုပါ သစ်တောအတွင်း ထိုင်းသစ်တောဌာနတာဝန်ရှိသူများက သစ်တောဥပဒေနှင့်အညီ ဝင်ရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဘာသာဖြင့် ရေးသားသည့် Kanchanaburi သတင်းဌာနက သတင်းဖော်ပြ ထားသည်။

အဆိုပါ အမျိုးသားသစ်တော ဥယျာဉ်ထဲတွင် တဲထိုးကာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ထိုင်းနိုင်ငံ သားမဟုတ်သည့် ဦးဆောင်သူ ကရင်ရသေ့အပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ၉ ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးအပါအဝင် ၃၁ ဦးကို ဖမ်းဆီးပြီးနောက် ကန်ချနဘူရီခရိုင် စီစဝပ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ရသေ့အပါအဝင် နောက်လိုက်များကို မည်သည့် အမှုများနှင့် တရားစွဲသွားမည်ကို တိကျစွာမသိရှိရသေးသလို အဆိုပါ ဖမ်းဆီးခံရသူများအား အမှုလိုက် ပေးသည့် အဖွဲ့များမတွေ့ရှိရသေးကြောင်း ထိုဒေသအတွင်းရှိ ကရင်အရေးလုပ်ဆောင်သူတစ်ဦးက ယခုလို ပြောသည်။

Photo: Social Media

၎င်းက “သူတို့ကိုရဲစခန်းမှာ ဖမ်းဆီးထားတယ်။ အမျိုးသမီးရော ကလေးတွေရော အခုထိလွတ်တာတော့ မကြားမိသေးဘူး။ ပြီးတော့ အဲဒီမှာရှိတဲ့ကရင်အဖွဲ့တွေဖြစ်ဖြစ် သူတို့ကို အမှုလိုက်ပါ လုပ်ဆောင်ပေးတာတွေလဲ မတွေ့သေးဘူး။ သူတို့ကို ဖမ်းဆီးတဲ့အမှုတွေက အဓိက လဝကဥပဒေ ပြီးတော့ သစ်တောဥပဒေနဲ့တော့ဆက်နွယ်လာမယ်။ သူတို့နိုင်ငံသစ်တောဥပဒေတွေက ချိုးဖောက် ရင်အမှု ကြီးတော့ အမှုဘယ်နှစ်ခုတောင် စွဲမလဲတော့ မသိသေးဘူး။ ကျနော်တို့လည်း လိုက်ချိတ်ဆက်စုံစမ်းနေတုန်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းသတင်းဌာန၏ ဖော်ပြထားချက်အရ ၎င်းတို့ကို သစ်တောဖျက်ဆီးမှု၊ အမဲလိုက်သည့် တရားမဝင် လက်နက် ကိရိယာများကိုင်ဆောင်မှု၊ နိုင်ငံအတွင်း တရားမဝင်နေထိုင်မှုနှင့် သစ်တောဥယျာဉ် လိုက်နာဆောင်ရွက်မှုမရှိသည့် အမှုများနှင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကန်ချနဘူရီခရိုင်ရှိ ကရင်အရေးလုပ်ဆောင်သူကဆက်လက်၍ “သူတို့က ဘယ်နှစ်ဦး အမှုဖွင့် အရေးယူမလဲတော့ မသိဘူး။ အမျိုးသမီးနဲ့ ကလေးတွေကတော့ ကြည့်ရတာ သူတို့ကို တရားမဝင် နေထိုင်မှုလောက်ပဲ ချုပ်ရင်ချုပ်ထားမယ်။ ချုပ်ရက်ပြည့်ရင်တော့ ပြန်လွတ်ပေးလောက်တယ်။ အဓိကတော့ အမိန့်ပေးသူနဲ့ လုပ်ဆောင်တဲ့သူ တွေကိုတော့ အမှုဆက်ဖွင့်မှာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းသစ်တောတာဝန်ရှိသူများ ဝင်ရောက်ဖမ်းဆီးစဉ် အမဲလိုက်သေနတ်၊ ဓား၊ သံကြိုး၊ စက်ကိရိယာများ၊ ဆောက်လုပ်ရေး ပစ္စည်းကရိယာများနှင့် စကားပြောစက်များ အပါအဝင် ရဲ (Police) နာမည်ပါသည့် သံချပ်ကာ အင်္ကျီတစ်ထည်ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Photo: Social Media