Home သတင်း ကလေးစစ်သားကိစ္စ မိဘမစုံ၍လာခိုလှုံသည့် ကလေးများရှိပြီး တချို့ကျောင်းပြန်တက်ခိုင်းရဟု BGF ပြော

ကလေးစစ်သားကိစ္စ မိဘမစုံ၍လာခိုလှုံသည့် ကလေးများရှိပြီး တချို့ကျောင်းပြန်တက်ခိုင်းရဟု BGF ပြော

466
Photo: CJ

စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီတောင်ပေါ်လမ်းရှိနယ်ခြားစောင့်တပ်-BGF ဂိတ်အချို့၌ ကလေးစစ်သားများ တွေ့ရ သည့်ကိစ္စမှာ မိဘမစုံ၍ အခက်အခဲကြုံနေသည့် ကလေးများလာရောက်ခိုလှုံနေထိုင်မှုရှိပြီး ကျောင်းပြန်ထားပေးရသလို ပုံစံမျိုးစုံဖြင့်စောင့်ရှောက်ပေးနေရသည်ဟု BGF တပ်နယ် (၂) ဗျူဟာမှူး၊ ဗိုလ်မှူးစောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တောင်ပေါ်လမ်း BGF တပ်ရင်း ၁၀၁၈ ထိန်းချုပ်ထားသည့် ကျော်ခို့ ကျေးရွာလမ်းပိုင်းရှိ ဂိတ်စခန်းများ၌ ဂိတ်မောင်းတံချစစ်ဆေးခြင်း၊ ငွေကြေးကောက်ခံခြင်း စသသည်တို့တွင် ကလေး စစ်သားများက ပြုလုပ်နေသည်ဟု မျက်မြင်တွေ့ရှိသူ ခရီးသွားတစ်ဦးက ယခုလို ပြောသည်။

“မြဝတီကနေ ဖားအံဆင်းတာပေါ့နော့်။ ကျော်ခို့ ၁၀၁၈ လမ်းတောင်ကျော် လမ်းမှာ BGF မောင်းတံ ဂိတ်တွေရှိတယ်၊ ကလေးစစ်သားတွေ တွေ့ရတယ်။ ခန့်မှန်း အသက် ၁၂ နှစ် ၁၅နှစ် အရွယ်တွေပေါ့၊ ဂိတ်တော်တော်များများ မှာတွေ့ရတယ်။ တစ်ယောက်နှစ်ယောက်ရှိနေတယ်၊ မောင်းတံစောင့်တယ်၊ ကားဂိတ်ဖြတ်ကြေးကောက်တယ်၊ နောက်က ဂိတ်တဲမှာက BGF လူကြီး တွေတဲထဲမှာ ရှိနေတာတွေ့ရတယ်” ဟု အမည်မဖော်လိုသူ ခရီးသွားက ပြောသည်။

ယခုလို BGF ဂိတ်များတွင် ဒေသအခြေအနေအရ အကြောင်းအရာမျိုးစုံဖြင့် လာရောက်ခိုလှုံသည့် ကလေးများရှိပြီး ၎င်းတို့ အခက်အခဲကြောင့် စောင့်ရှောက်ပေးရခြင်းဖြစ်သလို အချို့ကို ကျောင်းပြန်တက်ခိုင်းခြင်းမျိုးရှိသည်ဟု BGF တာဝန်ရှိသူက ယခုလိုပြောသည်။

“တချို့ ကလေးတွေက မိဘက ကွဲသွားတယ်။ တချို့ကျတော့ အမေရော၊ အဖေရော ယိုးဒယား ဘက်အလုပ်သွားလုပ်တယ်။ နီးစပ်ရာက ကြည့်ရှုပေးရတယ်။ အဲ့လိုကလေးတချို့ ကျနော်တို့ ဂိတ်တွေမှာလာခိုပြီးနေတာ ရှိတယ်။ ဒီလိုပဲ စောင့်ရှောက်ထားရတာပဲ။ တချို့ကိုတော့ ကျောင်းပြန်တက်ခိုင်းတယ်” ဟု BGF တပ်နယ် (၂) ဗျူဟာမှူး၊ ဗိုလ်မှူး စောတင်ဝင်းက ပြောသည်။

ထို့အပြင် ဖားအံ- မြိုင်ကြီးငူလမ်းပိုင်း ထီလုံ၊ နဘူး၊ ‌ထို့ ကော်ကိုး၊ မြဝတီလမ်းပိုင်းရှိ စစ်ကောင်စီတပ်နှင့် အပစ်ရပ်ထားသည့်ကရင်လက်နက်ကိုင်တပ်ဖွဲ့ များ၏ စစ်ဆေးရေးဂိတ်များ၌ အလားတူ လက်နက် တပ်ဆင်ထားသည့် ကလေးစစ်သားများကို တွေ့လာရသည်ဟု မျက်မြင်တွေ့ရှိသူတို့က ပြောသည်။

ကုန်တင်ယာဉ်မောင်းတစ်ဦးက “ကရင်နယ်ထဲမှာကတာ့ လမ်းတွေဖြတ်တဲ့နေရာတိုင်း ဂိတ်တိုင်းမှာ ကလေးစစ်သားလေးတွေ့ တွေ့ရတယ်၊ မြိုင်ကြီးငူဘက်က BGF ဂိတ်တွေမှာလည်းတွေ့ရတယ်။ ဘက်တံဆိပ်တော့ တပ်မထားဘူး၊ BGF ဘက်တံဆိပ် တော့ခွာထားတယ်လေ။ ထို့ကော်ကိုး တောင်ကျော်လမ်းက PC ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ထဲမှာလည်း ကလေးစစ်သားတွေ့ရတယ်” ဟု ပြောသည်။

လက်ရှိကော့ကရိတ်မြို့ဘက်မှ ဖားအံမြို့အဝင် ဇာသပြင်-မော်လမြိုင်လမ်း၊ တောင်ကလေး -လှိုင်းဘွဲ လမ်းပိုင်း၊ မြိုင်ကလေး-သံလွင်တံတားလမ်းပိုင်း၊ အိန္ဒု- နောင်လုံ လမ်းပိုင်း နေရာများ တွင် စစ်ကောင်စီတပ်၊ BGF ၊ DKBA နှင့် ငြိမ်းချမ်းရေးကောင်စီ (PC) အပါအဝင် လုံခြုံရေးပူး ပေါင်းစစ်ဆေးသည့်ဂိတ်ပေါင်း၂၀ခန့်ရှိသည်ဟု ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်မောင်းများက ပြောသည်။