Home ဆောင်းပါး လက်တွေ့နှင့် ဝေးကွာနေဆဲ CDM နေ့ရက်များ

လက်တွေ့နှင့် ဝေးကွာနေဆဲ CDM နေ့ရက်များ

655

လက်တွေ့နှင့် ဝေးကွာနေဆဲ CDM နေ့ရက်များ

(ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်) ကေအိုင်စီ

လှေပေါ်မှ ပါလာသော ဆီပုံးများ၊ ကြက်ခြင်းများကို အသက် ၃၀ အရွယ်ရှိ ကိုမောင်မောင် တရစပ် ထမ်း ပိုးပြီး တင်ချနေသည်။ လှေတစ်စီးပြီး တစ်စီး စိုက်နေသောကြောင့် နားချိန်မရှိဘဲ ကုန်းပေါ်မှ ရောက် လာသော ကားနှင့် သောင်ရင်းမြစ်ထဲမှာ ဆိုက်လာသော လှေများအကြား ကုန်တင် ကုန်ချကို မပြတ် လုပ်နေရသည်။

မိုးဖွဲဖွဲအောက် ကုန်တင်ကုန်ချ လုပ်နေရင်း ပထမလှေပေါ်မှ ပါလာသည့် ပစ္စည်းများချပြီးချိန် နောက် လှေတစ်စီးမဆိုက်ခင်လေးတွက် မျက်နှာပေါ်မှ ချွေးစက်များကို ဝတ်ထားသည့် အင်္ကျီဖြင့် သုတ်ပြီး အခိုက်အတန့် ခဏနားလိုက်သည်။

ကိုမောင်မောင်အတွက် ထိုသို့ ကုန်တင်ကုန်ချ နေ့စားလုပ်ရသည်မှာ နှစ်ရက်သာ ရှိသေးသည့်အတွက် အသားတော့ မကျသေး။ ယခင်က သူသည် ရဲတပ်သား တစ်ဦးဖြစ်သည်။ အာဏာသိမ်းပြီး တစ်လအကြာ အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် CDM တွင် ပါဝင်ခဲ့ပြီးနောက် ယခုလို လွတ်မြောက်နယ်မြေ တစ် နေရာတွင် ကြုံရာအလုပ်ကို လုပ်ရင်း ဘဝရပ်တည်ဖို့ ကြိုးစားနေရခြင်း ဖြစ်သည်။

စစ်တပ်၏ အဓမ္မတိုင်းပြည်အာဏာသိမ်းမှုကို လက်မခံသည့် ကဏ္ဍပေါင်းစုံမှ CDM လှုပ်ရှားမှုတွင် ပါဝင် ခဲ့ကြသော ကိုမောင်မောင်တို့လို ပြည်သူ့ဝန်ထမ်းများသည် သူတို့ မကျွမ်းကျင်သည့် အလုပ်များကို လုပ် ကိုင်ရင်း CDM ကို ဆက်လက်တောင့်ခံပါဝင်နေသည်မှာ ၃ နှစ်ခွဲကျော် ရှိလာပြီဖြစ်သည်။

“ယခုလို မိုးရာသီမှာတော့ ကုန်ထမ်းရတာ အရမ်းတော့ ပင်ပန်းတယ်ဆိုပေမယ့် နည်းနည်းတော့ သက်သာတယ်လို့ ပြောလို့ရတယ်။ နွေရာသီကာလမှာဆိုရင် နေကလည်းပူ မောပြီးပင်ပန်းနေတာကို ဘယ်လိုပြောရမှန်းကို မသိဘူး” ဟု သူက ချွေးပြိုက်ပြိုက်ကျနေသည့် ကြားက အကောင်းကို ဆိုသည်။

ကိုမောင်မောင်အတွက်တော့ ယခုလို မိုးတွင်းကာလမှသာလျှင် ကုန်ထမ်းအလုပ်သမားဦးရေ ပိုလို အပ်သည့်အတွက် နေ့စားကုန်ထမ်းခြင်းဖြစ်ပြီး နွေရာသီတွင်တော့ အလုပ်အကိုင်ရှားပါးသောကြောင့် အသေးစားဆောက်လုပ်ရေးများတွင် ပန်းရံအလုပ်ကိုလည်း ဝင်လုပ်ရလေ့ရှိသည်။

“ဝန်ထမ်းပဲ လုပ်လာခဲ့တော့ ပန်းရံအလုပ်နဲ့ ပတ်သက်တာဆို ဘာဆို ဘာမှကို မသိဘူး။ ဘာလုပ်ရမယ် ဘာကိုင်ရမယ် အခေါ်အဝေါ်တွေလည်း နားမလည်ဘူး။ မာစလာဖျော်တာတွေကိုလည်း ခန္ဓာကိုယ်ပေါ် ထမ်းချင်သလို ထမ်းနေတော့ ဘိလပ်မြေတွေ စားတယ်။ ရင်ဘတ် တပြင်လုံး၊ ခြေတွေ လက်တွေ အနာဖြစ်တယ်” ဟု လုပ်ငန်း မကျွမ်းကျင်မှုကြောင့် ကြုံခဲ့ရသည့် သူအခက်အခဲကို ဆိုသည်။

ကိုမောင်မောင်သည် ဧရာဝတီတိုင်း မြောင်းမြမြို့နယ်နှင့် အနီးတဝိုက်တွင် ရဲတပ်သားအဖြစ် ၇ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

“အလုပ်ကလည်း ဘာတွေမှန်းလည်း မသိဘူးပေါ့နော်။ ဟိုကားပေါ်တက် လုံခြုံရေးသွားလုပ်ရ ၊ ဟိုဒိုင်း ကိုင်လိုက် နံပါတ်တုတ်ကြီးနဲ့ ဟိုဟာတွေ ကောက်စွပ် ဒီဟာတွေကောက်စွပ် ဘာတွေမှန်းလည်း မသိဘူး ပေါ့ဗျာ။ ပြီးရင် မနက်မိုးလင်းတာနဲ့ ခရိုင်ကို အရောက်ဆို ခရိုင်ရုံးကို ရောက်အောင် လာရတာပေါ့။ ညဆို ၇ နာရီ ၈ နာရီလောက်မှပြီး အဲဒီတည်းခိုင်းတဲ့နေရာမှာ ရေမရှိ ဘာမရှိ ယူနီဖောင်းတွေကလည်း နံစော် ကိုယ်က မလုပ်ချင်ပါဘူးဆိုမှ အဲဒါနဲ့ စိတ်တွေပျက်” ဟု သူက CDM မဝင်ခင် တစ်လ တာဝန် ထမ်းဆောင်စဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။

ထိုဖြစ်စဉ်အပြင် သူ့အနာဂတ်ရည်မှန်းချက်ဖြစ်သည့် ရဲအရာရှိဖြစ်ဖို့ဆိုလျှင် ခေတ်ကောင်းထဲ ပညာသင် ယူရန် လိုအပ်သောကြောင့် သူသေချာလေ့လာရွေးချယ်ခဲ့သည် ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သော်လည်း စစ်တပ်၏ အာဏာသိမ်းလိုက်မှုက သူ့ကို CDM ဝင်ဖို့ ဆုံးဖြတ်ချက် ပိုမို ခိုင်မာစေခဲ့သည်။ ထို့ကြောင့် CDM ဝင်ပြီးနောက်မှာတော့ မိတ်ဆွေတစ်ဦး၏ အချိတ်အဆက်ဖြင့် လွတ်မြောက်နယ်မြေသို့ သူ ရောက်လာခဲ့သည်။

ထိုနေရာသို့ရောက်ပြီး နှစ်နှစ်ကျော်ကြာချိန်တွင်တော့ သူ့လိုပင် CDM အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်ထားနှင့် အိမ်ထောင်ပြုဖြစ်ခဲ့သည်။

အသက် ၄၃ နှစ်အရွယ် ဒေါ်ထားသည်လည်း အာဏာမသိမ်းခင်က ရှေ့နေတစ်ဦးဖြစ်ခဲ့ပြီး တရား ဥပဒေ စိုးမိုးမှုများ ပျောက်ဆုံးခဲ့ရသည့် အာဏာစသိမ်းချိန်တွင်တော့ CDM ဝင်ကာ ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

အင်ဖက်မိုးထားသည့် မှောင်ရိပ်ခပ်ကျကျ ဆိုင်ထဲတွင် စားပွဲပေါ်ရှိ စားလက်စ ပန်းကန်များကို ဒေါ်ထား သိမ်းနေသည်။ လက်ထဲတွင် ရှိသော လက်နှီးစုတ်ဖြင့် စားပွဲကို အပြီးသုတ်ကာ ဆေးရမည့် ပန်းကန်များကို အနောက်ထဲသို့ ယူသွားသည်။

CDM များအတွက် ဖွင့်ပေးထားသည့် အဆိုပါ စားသောက်ဆိုင်လေးတွင် ဒေါ်ထား အလုပ်လုပ်နေ သည်မှာ လေးလလောက်ကြာပြီ ဖြစ်သည်။ ထိုအလုပ်သည်လည်း ဒေါ်ထားအတွက် ကျွမ်းကျင်သည့် အလုပ် မဟုတ်။ အာဏာမသိမ်းခင်က မတရားမှု ခံရသူများအတွက် ရှေ့နေလုပ်ပေးရသည့် ဒေါ်ထားသည် ယခုအချိန်တွင်တော့ သူကိုယ်တိုင် မတရားမှုကို တွန်းလှန်ရင်း တရားသည့် အောက်ခြေသိမ်းအလုပ်များဖြင့်သာ ဝမ်းရေးကို ဖြေရှင်းနေရသည်။

“ကိုယ်ကိုယ်တိုင် မနက်ဆို အစောကြီးထ ချက်ပြုတ်ရတယ်။ ကျန်းမာရေးအရ နားချင်ရင်တောင် မနားရဘူး။ တခါတလေ မိုးလင်းမှာကို စိုးတယ်” ဟု ဒေါ်ထားက သူ့လက်ရှိအခြေအနေကို ညည်းညူရင်း ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကတော့ သူတို့ နေထိုင်သည့် ဖက်မိုးထရန်ကာအိမ်လေးသည် မကြုံးစဖူးတက်လာသည့် သောင်ရင်းမြစ်ရေကြောင့် ပြိုကျပျက်စီးခဲ့ပြီး လက်ရှိတွင် ကိုမောင်မောင်နှင့် ဒေါ်ထားတို့အတွက် နေစရာက အခက်တွေ့လို့ နေသည်။

ဒေါ်ထားက “ရာသီဥတုကြောင့် နေစရာအိမ်နစ်မြုပ်သွားတယ်။ ကိုယ့်နေရာဒေသမဟုတ်တဲ့ အတွက် ကြောင့် အိမ်နေရာအသစ် ရှာဖို့ ခက်ခဲတယ်” ဟု ဆိုသည်။

သူတို့ နေအိမ်ကလေးကို ပြန်ဆောက်ရန်အတွက်လည်း ဖက်မိုး၊ ဝါးထရံကာ၊ သုံးထပ်သားပြားအခင်းနှင့် အလုပ်သမားကုန်ကျစရိတ်ပါဆိုလျှင် ဘတ်ငွေနှစ်သောင်းခွဲခန့် ကုန်ကျမည့် အနေအထားဖြစ်နေသည်။

သူတို့၏ နှစ်ယောက်ပေါင်း တစ်ရက် ဝင်ငွေတွင်မှာ ၄၀၀ ဘတ်သာ ရှိသည့်အတွက် စားဖို့အတွက် လုံးပန်းနေရချိန် အိမ်ပြန်ဆောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေသည်။ လက်ရှိ တွင် ဒေါ်ထား အလုပ်လုပ်နေသည့် ဆိုင်လေးတွင်သာ သူတို့ သားအပါ မိသားစု ၃ ယောက် ကပ်နေနေကြရသည်။

နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း CDM များအတွက် အထောက်အပံ့ပေးသည့် NUG ၏ အကူအညီကိုတော့ ဒေါ်ထားတို့ မိသားစု ရနေသေးသည်။ တစ်ဦးကို တစ်လကျပ် တစ်သိန်းနှုန်း ရသော်လည်း ဒေါ်ထားတို့ နေသည့် ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းဘတ်ငွေဖြင့်သာ သုံးစွဲကြရသည့်အခါ လက်ရှိ ငွေလဲနှုန်းနှင့် ရသည့် ပမာဏက မကာမိလှပေ။

သားငယ်၏ ပညာရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ကိုမောင်မောင်နှင့် ဒေါ်ထားတို့လို CDM လင်မယားအတွက် နေ့စဉ် ခက်ခဲပင်ပမ်းလှသော်လည်း တော်လှန်ရေးအပြီး သူတို့ လိုချင်သည်က အသိအမှတ်ပြုခံရမှုလေး တစ်ခုပင် ဖြစ်တော့သည်။