Home သတင်း နာမည်ဆိုးဖြင့် ကျော်ကြားသော ပုလောကုန်းရွာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်ကို မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း KNDO ပြော

နာမည်ဆိုးဖြင့် ကျော်ကြားသော ပုလောကုန်းရွာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးနေအိမ်ကို မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း KNDO ပြော

618
Photo: Social Media

ဩဂုတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နာမည်ဆိုးဖြင့် ကျော်ကြားသော တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်း ကျေးရွာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို သွားရောက်မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO တပ်ခွဲ(၅)က တာဝန်ရှိသူက ပြောသည်။

ပုလောကုန်းရွာတွင် (၃)နှစ်နီးပါးအကြာ တပ်စွဲထားသည့် ပုလောကုန်းရွာ စစ်ကောင်စီတပ်စခန်းကို နယ်မြေရှင်းလင်းမှုများ သွားရောက်လုပ်ဆောင်ပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီ၏ နေအိမ်ကို ဇူလိုင်လ(၃၀)ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း KNDO တပ်ရင်း (၇)၊ တပ်ခွဲ(၅)မှ တပ်ခွဲမှူး စောဗဟုက ကေအိုင်စီသို့ပြောသည်။

၎င်းက “အဓိကကတော့ အုပ်ချုပ်ရေးမှူးကကျတော့ သူက အရမ်းဆိုးတယ်။ လက်ရှိသူတို့ ပုလောကုန်းမှာ ရှိနေ တဲ့ ပြည်သူတွေကို မတရားအနိုင်ကျင့်တယ်။ မတရား ဖမ်းဆီးတယ်။ မတရား ပစ္စည်းတွေသိမ်းတယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်နွယ်နေတဲ့ သူတွေကို အကုန်ဖမ်းတယ်။ နေအိမ်တွေချိပ် ပိတ်တယ်။ ပြီးတော့ မုဒိမ်းကောင်လို့လည်း ပြောလို့ရတယ်။ မိန်းမလိုက်စားတဲ့ကိစ္စတွေကအစ ပြည်သူပိုင်အိမ်တွေကိုလည်း ချိပ်ပိတ်တယ်။” ဟု ပြောသည်။

ထို့အပြင် KNDO ပူးပေါင်းတပ်ဖွဲ့ဝင်မျာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီ နေအိမ်အပြင် ပုလော ကုန်းရွာရှိ ပျူစောထီးနေအိမ် ရှစ်လုံးကိုလည်း ချိပ်ပိတ်ခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ ကိုလည်း အဆိုပါ ဒေသရှိ ဒေသခံပြည်သူများအား ပြန်လည်ဝေမျှခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီလူက ပျူစောထီးတွေ စစ်တပ်တွေနဲ့ပေါင်းပြီးတော့ ရွာကဒေသခံနေအိမ်တွေကို ချိပ်ပိတ်တယ်။ ပြီးတော့ နေအိမ်ထဲကရှိတဲ့တန်ဖိုးရှိ ပစ္စည်းတွေကို သူတို့အိမ်ကို ပြန်သယ်သွားကြတယ်။ သူတို့ကြောင့်ပဲ တစ်ရွာလုံး နီးပါးဒုက္ခရောက်ကြရတယ်။ အခုတော့ သူတို့နေအိမ်တွေကိုချိပ်ပိတ်ပြီးတော့ သိမ်းဆည်း ရမိတဲ့ ပစ္စည်းတွေကို ဒေသခံတွေဆီကို ပြန်ပြီးဝေမျှလိုက်တယ်။”ဟု KNDO တပ် ရင်း (၇) တပ်ခွဲ(၅) တပ်ခွဲမှူးက ပြောသည်။

အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီဆိုသူသည် ပုလောမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်သွားခြင်းဖြစ်ပြီး ပုလောမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ-၂၈၅)နှင့် စစ်ကောင်စီများ အခြေချတပ်စွဲထားသည့် ပုလောမြို့တော်ခန်းမ၌ သွားရောက် ခိုလှုံရာ ဒေသခံများအား ဖမ်းဆီးငွေညှစ်တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပုလောကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ လအတန်ကြာ ပိတ်ဆို့ ထားသောကြောင့် ရိက္ခာ၊ ဆေးဝါး၊ စစ်လက်နက်၊ စစ်ကူရရှိမှုအခက်အခဲများရှိနေသည့်အပြင် စစ်သည် အင်အား နည်းလာသဖြင့် စခန်းစွန့်ခွာခဲ့ခြင်း ဖြစ်နိုင်ကြောင်း KNDO ဘက်က ဆိုသည်။