Home သတင်း ကော်သူးလေသစ်တော ဝန်ထမ်းဟောင်း သေဆုံးမှုဖြစ်စဉ်တွင် KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထား

ကော်သူးလေသစ်တော ဝန်ထမ်းဟောင်း သေဆုံးမှုဖြစ်စဉ်တွင် KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထား

592
Photo: CJ

ဩဂုတ် ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ နယ် မြေတွင် ကော်သူးလေ သစ်တောဌာနဝန်ထမ်းဟောင်းဖြစ်သူကို ဖမ်းဆီးထားချိန် သေဆုံးမှုဖြစ်ပွားခဲ့ သည့်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထိန်း သိမ်းလိုက်သည်ဟု ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ဘိတ်-ထားဝယ်ခရိုင် ထီးမိုဘွာဒေသရှိ သစ်တော မှူးဟောင်းဖြစ်သူ စောကဘောကို သတင်းပေးသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် အရက်မူးနေသည့် KNLA တပ်ဖွဲ့ဝင် နှစ်ဦးမှ ခေါ်ထုတ်စစ်ဆေးမေးမြန်ကာ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဥက္ကဌ ပဒိုစောဖလိုစိုးဝင်းက ဆိုသည်။

၎င်းက “လူသတ်မှုကျူးလွန်တဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို အခုလောလောဆယ်တော့ တပ်မဟာ လက်ထဲမှာပဲ ရှိတယ်။ ဖမ်းဆီးချုပ်နှောင်ထားလိုက်ပြီး။ ပြီးရင်တော့ အမှုအဆင့်ဆင့် ဆက်လက်လုပ် ဆောင်ရမှာ ဖြစ်တယ်။ အဲဒီသတ် ဖြတ်ခံရသူနဲ့ သူတို့က ဘာကိစ္စမှဖြစ်တာမရှိဘူး။ အရက်မူးပြီး အပြင်ခေါ်ထုတ် စစ်ဆေး မေးမြန်းပြီး သတ်ပစ် လိုက်လိုက်တော့ ဘာမှမလုပ်တတ် တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

သေဆုံးသူစောကဘောသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က သစ်တောဌာနတာဝန်မှ ရပ်နားထားသူ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က KNLA အရာရှိများနှင့် တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို ရင်ကွဲတောင်ခြေတွင် ကော်သူးလေအာမီ (KTLA) စောင့်ကြိုပစ်ခတ်မှုဖြစ်သည့် နေရာအနီးတွင် ၎င်းနေထိုင်သည့် တဲရှိသည့်အတွက် KLTA ကို သတင်းပေးသည့် သံသယဖြင့် KNLAဘက်မှ ဖမ်းဆီးချုပ်နှောင်ထားစဉ် ယခုလို အသတ်ခံရခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ် ကျူးလွန်းသူနှစ်ဦးသည် KNLA တပ်ရင်း ၂၀၃ မှ စောဒါးအဲ့နှင့် တပ်မဟာ စစ်ကြောင်းမှ စောပုလူတို့ဖြစ်ပြီး အရေးယူ နိုင်ရန် တပ်မဟာ ၄ အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန်ရှိသူတို့က အမှုစစ်ဆေး သွားမည်ဖြစ်သည်။