Home သတင်း မိုင်းကွဲပျက်စီးသွားသော ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိတံတားနေရာတွင် မြေကြီးဖို့ပြီးသဖြင့် ယာဥ်သွားလာခွင့်ရ

မိုင်းကွဲပျက်စီးသွားသော ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိတံတားနေရာတွင် မြေကြီးဖို့ပြီးသဖြင့် ယာဥ်သွားလာခွင့်ရ

559
Photo: Social Media

ဩဂုတ် ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် မိုးကောင်းရွာနှင့်ကမာစိုင်ရွာကြား ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ ယနေ့ နံနက် ၁၂ နာရီ မိနစ်၂၀ ခန့်က မိုင်းကွဲပျက်စီးသွားသော ကွန်ကရစ်တံတားငယ်နေရာတွင် မြေသားဖို့ပြီးစီး သဖြင့် မော်တော်ယာဥ်များ သွားလာခွင့်ရပြီဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားရှိ တံတားအမှတ် ၃/၁၃၄ မှာ မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးပြီး မော်တော်ယာဥ်များသွားလာမရတော့သဖြင့် ရန်ကုန်-မော်လမြိုင်လမ်းအသုံးပြုသွားလာသည့် ခရီးသည် တင်ယာဥ်လိုင်းအချို့ ခရီးစဥ်ခေတ္တရပ်နားလိုက်ရသလို ယနေ့နံနက်ပိုင်းတွင် ယာဥ်ကြောပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မိုးရွာသွန်းမှုများပြီးမြစ်ရေကြီးမှုကြောင့် ရွာချင်းဆက်တောလမ်းများမှာလည်း ဗွက်ထ ပျက်စီးနေသဖြင့် ကားများအသွားအလာပြုလုပ်၍မရတော့သည့်အတွက် ယာယီမြေသားဖို့ထားသောလမ်းမှ ယာဥ်များ လတ်တလောသွားလာနေပြီဟု ဒေသခံအချို့က ပြောသည်။

Photo: Social Media

“တံတားပြင်တာက တပတ်လောက်ကြာဦးမှာ။ ရွာလမ်းတွေကလည်းသွားမရ၊ ရထားကလည်းသွားမရတော့ မြေဖို့တာနဲ့ပဲပြီးသွားတယ်။ ရန်ကုန်ကလာတဲ့ကားတွေကတော့ မိုင်းပေါက်တဲ့သတင်းကြားကတည်းက ခရီးစဥ် ဖြတ်သိမ်းလိုက်တယ်ကြားတယ်။ ညကတည်းက ကားတွေဆင်းမလာဘူး။ ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါတံတားအား မည်သည့်တပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း မသိရှိရသေးသော်လည်း စစ်ကောင်စီ ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာအချို့ကမူ KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ၏မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု ဆိုထားသည်။

အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ လမ်းတံတားများ မကြာခဏမိုင်းကွဲပျက်စီးခဲ့ရာ ပြီးခဲ့သည့် ဇူလိုင်လ (၁၆)ရက်နေ့ ညပိုင်းကလည်း ကျုံအိတ်တံတားနှင့်မစောတံတားကြားရှိ ကရင်လေးဆိပ်တံ တား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးပြီး ခရီးစဥ်အချို့ဖျက်သိမ်းလိုက်ရခြင်းအပြင် ယာဥ်ကြောပိတ်ဆို့ မှုများလည်း ဖြစ်ပွားခဲ့သည်။