ဩဂုတ်လ ၂ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေး ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၂၇)ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံများ၏ အတည်ပြု ပြောဆိုချက်များအရ သိရသည်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ(၂၄)နေ့တွင် အင်အား(၇၀)ပါ စစ်ကောင်စီ စစ် ကြောင်းသည် ကျေးရွာအတွင်းသို့ စတင်စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များမှ ၃ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။
“စစ်တပ်ဘက်က သေဆုံးမှုတွေကိုတော့ တိုက်ပွဲအမျိုးမျိုးပေါ်မူတည်ပြီး စာရင်းပြုစု ရတာတွေရှိတယ်။ ဥပမာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး ရန်သူဘက်က ဆက်လက် လှုပ်ရှားမှု မရှိရင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ သိရပါတယ်။ နောက်ဆုံးရ သတင်းတွေကိုတော့ လက်ရှိအချိန်မှာ လုံခြုံရေးအရမဖော်ပြနိုင်သေးပါဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့်လ ဇူလိုင် (၂၄)ရက်နှင့်(၂၆)ရက်နေ့များတွင် ကျေးရွာ အတွင်းသို့ ဝင်ရောက်တပ်စွဲပြီး အရပ်သားနေအိမ်များကို ဖောက်ထွင်းကာ တန်းဖိုးရှိပစ္စည်းများ ယူဆောင် မှုများ ပြုလုပ်နေစဉ် ရေဖြူအခြေစိုက် တော်လှန်ရေးပေါင်းတပ်ဖွဲ့ (၆) ဖွဲ့ခန့်က သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၂၇) ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPPDF ဇူလိုင်လ(၃၁) ရက်နေ့က ထုတ်ပြန်ထားသည်။
မောင်မယ်ရှောင်ကျေးရွာတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းက နယ်မြေစိုးမိုးရေးအတွက် ကျေးရွာ အတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ဒေသခံများအနေဖြင့်လည်း စစ်ကောင်စီ စစ်ကြောင်းကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မောင်မယ်ရှောင် ဒေသခံ အမျိုးသားတစ်ဦး က ယခုလိုပြောသည်။
“ရွာမှာက ခဏခဏ စစ်ကြောင်းထိုးခံရတယ်။ ပြီးခဲ့တဲ့လက စပြီး စစ်ကြောင်းပြန်ပြီး ထိုးတာပေါ့။ ဒီဘက်ကနေ အိမ်တော်တော် များများက ဒေသခံအများစုက စစ်ကြောင်းထိုးတာနဲ့ နောက်တစ်ခေါက်ထပ်ပြီး ရှောင်တိမ်း နေရ တဲ့ အနေအထားမှာ ရောက်နေတယ်။” ဟု ၎င်းဒေသခံက ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ဇူလိုင်လ(၃၁)ရက်နေ့တွင်လည်း စစ်ကောင်စီ စစ်ကြောင်းမှ ကျေးရွာအတွင်းရှိ ဒေသခံ(၄)ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDFမှ ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း မောင်မယ်ရှောင်ရွာအတွင်း စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်တပ်စွဲ ထားပြီး နေ့ပိုင်း အချိန်များတွင် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။



















