ဩဂုတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုတွင် စစ်ကောင်စီ၏ လက်နက်ကြီးမကြာခဏ ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းအချို့ ပုံမှန်မလည် ပတ်နိုင်တော့ဘဲ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူရေးအခက်အခဲရှိနေသည်ဟု ရွှေရောင်ပြရွာခံများ၏ ပြောပြချက်အရ သိရသည်။
ရွှေရောင်ပြကျေးရွာအုပ်စု ရွှေရောင်ပြ၊ အဝန်းကြီး၊ မိချောင်းအိုင်၊ ဇီးကုန်း အစရှိသော ကျေးရွာများသို့ နှစ်ဖက်တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စာသင် ကျောင်းအချို့ ပိတ်ထားလိုက်ရသလို စာသင်ကြားပေးမည့် ဆရာ၊ဆရာမများလည်း မရှိကြောင်း ဒေသခံများနှင့် ၎င်းတို့ကိုကူညီပေးနေသူအချို့က ပြောသည်။
အိမ်ခြေ(၁၀၀)ရာကျော်ရှိ ရွှေရောင်ပြရွာတွင် ကော်သူးလေပညာသင်စနစ်ဖြင့် သင်ကြားပေးသည့် စာသင်ကျောင်းရှိသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ပုံမှန်မဖွင့်လှစ်နိုင်သလို အိမ်ခြေ (၂၀၀)ရာနီးပါးရှိသည့် အဝန်းကြီးရွာမှ ကျောင်းနေအရွယ်ကလေးအချို့လည်း ကိုဗစ်ကာလမှ လက်ရှိအချိန်ထိ ကျောင်းမဖွင့်သဖြင့် စာမသင်ရဟု အဝန်းကြီးရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ပိုက်ဆံရှိတဲ့ကလေးတွေကတော့ မြို့ထဲကျောင်းသွားထားတာပေါ့၊ မရှိတဲ့သူတွေကတော့ ဒီတိုင်းပဲနေရတာ ဟိုးကိုဗစ်ဖြစ်ကတည်းက။ စစ်ဘေးရှောင်ရတာနဲ့ ဘာနဲ့ဆို ၃ နှစ်လောက်ရှိပြီ ။ ကျောင်းဖွင့်တော့လည်း လက်နက်ကြီးကကျ၊ ရွာသားတွေလည်းသေတော့ ဘယ်သူကကျောင်း လာဖွင့်ရဲတော့မလဲ။ ဆရာဆရာမတွေလည်းပြေး၊ မိဘတွေလည်း ကလေးကို ကျောင်းပေးမ တက်ရဲတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် အလယ်တန်းစာတတ်မြောက်သည့် ရွာခံများမှ နီးစပ်ရာ အတန်းငယ်ကလေးများအား တတ်အားသရွှေ့သင်ပေးနေခြင်းဖြစ်ပြီး အထက်တန်းကျောင်းနေအရွယ် ကလေးအချို့မှာမူ ပညာတစ်ပိုင်းတစ်စဖြင့် ပြည်ပနိုင်ငံသို့အလုပ်သွားလုပ်ကြသည်ဟု ဒေသခံများက ဆိုသည်။
နောက်ထပ် ရွာခံအမျိုးသားတစ်ဦးကလည်း “ရွှေရောင်ပြက ကရင်ကျောင်းဆို ဖွင့်တချက်မဖွင့် တချက်ပဲ၊ အဝန်းကြီးကတော့ အခုထိမဖွင့်ဘူး။ စာတတ်တဲ့ငါးတန်းခြောက်တန်းကလေးတွေ ကပဲပြန် သင်ပေးနေရတာ။” ဟု ပြောပြသည်။
ထို့ကြောင့် ရွာခံများအနေဖြင့် ကလေးများပညာတတ်မြောက်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများ၏အကူအညီလိုအပ်နေသလို မကြာခဏစစ်ဘေးရှောင်ရသဖြင့်လည်း လူမှုစီးပွားထိခိုက်၍ စားဝတ်နေရေးလိုအပ်ချက်ရှိသည်ဟု ၎င်းတို့ကိုအကူအညီပေးနေသူ၏ ပြောပြချက်အရ သိရသည်။
ဒေသခံများမှာ ရွာပတ်ဝန်းကျင် ပဋိပက္ခဖြစ်ပွားသည်နှင့် ရွှေရောင်ပြကျေးရွာအပိုင် ဗောဓိကုန်းပေါ်နှင့် ဆွေမျိုးနီးစပ်သည့်ဘေးလွတ်ရာနေရာများသို့ သွားရောက်စစ်ရှောင်ကြရသည်။ လက်ရှိတွင် ဘီးလင်း မြို့နယ် အနိမ့်ပိုင်းကျေးရွာအချို့ရေနစ်မြှုပ်မှုကြောင့် ရေဘေးသင့်ပြည်သူများပါ ၎င်းနေရာသို့ ရောက်ရှိလာသဖြင့် ခိုလှုံသူများပြားလာသည်ဟုလည်း စစ်ရှောင်ကူအမျိုးသားတစ်ဦးကပြောသည်။
“စစ်ရှောင်အပြင်ကို ရေဘေးကပါဖြစ်တော့ ဗောဓိကုန်းမှာသွားစုနေတာ။ ရွှေရောင်ပြစစဝင်ခြင်း အထက်တန်းကျောင်းဆိုပိတ်ထားတယ် ။ ကျန်းမာရေး ဆေးပေးခန်းဆိုလည်း ပိတ်ထားတယ်။ သူတို့မှာပညာရေးရော ကျန်းမာရေးရော စားသောက်ရေးရော အခက်အခဲရှိတယ် ဖြစ်သလိုနေကြရတာပဲ။” ဟု အမည်မဖော်လိုသူ စစ်ရှောင်ကူအမျိုးသားက ကေအိုင်စီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ် သည့် ရွှေရောင်ပြကျေးရွာအုပ်စုအပါအဝင် သထုံခရိုင်တွင်းရှိ ကျေးရွာ ဒေသခံများမှာ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှုအပြင် နေအိမ်ဖောက်ထွင်းခံရမှု၊ စစ်တပ်ကဖမ်းဆီးသွားပြီးမှ သတ်ဖြတ်ခံရမူ စသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများတွေ့ကြုံနေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ကလည်း ဖြစ်စဉ်များနှင့်ဆက်စပ်၍ မကြာခဏထုတ်ပြန်လေ့ရှိသည်။