ပဋိပက္ခကြားမှ ပညာရှာဖွေနေကြသည့် အနာဂတ်ကြယ်ပွင့်လေးများ
ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
“မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောကျွန်ုပ်၏ ကော်သူးလေ…… အသက်ကိုပေး၍ ကာကွယ် ပါမည်…… ထီးဆဲ့မဲ့ယွာနှင့် ကော်သူးလေ လွတ်လပ်ဖို့အတွက် ငါချစ်သောပြည် အသက်ပေး၍ ကာကွယ်ပါမည်…….”
၃၀၀ ကျော်လောက်ရှိသည့် ကျောင်းသားကျောင်းသူများက “ယကော်ကညော” သီချင်းကို သံပြိုင်သီဆိုနေကြသည်။ ထိုထဲတွင် အသက် ၁၈ နှစ်အရွယ် Grade -12 ကျောင်းသူလေး နော်ဖောဖောထူး (နာမည်လွှဲ) လည်း ပါဝင်သည်။
အဆိုပါ မြင်ကွင်းကို ကျောင်းဖွင့်ရက် နံနက်ခင်းတိုင်းတွင် တွေ့နိုင်သည်။
ကရင်ပြည်နယ်တွင်း ရှိနေသည့် စာသင်ကျောင်းများတွင် “ယကော်ကညော” သီချင်းကို နံနက် ခင်းတိုင်း သီဆိုလေ့ရှိကြသည်။ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဖားအံခရိုင်/ တပ်မဟာ ၇ ထဲတွင် တည်ရှိသော ယခုအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ အဆိုပါ ကျောင်းများထဲမှ တစ်ကျောင်းပင် ဖြစ်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပညာရေးဌာနက ဖွင့်ထားသည့် အဆိုပါကျောင်းလေး သည် နိုင်ငံတွင်း ပဋိပက္ခများကြောင့် ထွက်ပြေးလာရသည့် ကလေးများနှင့် လူငယ်များ ပညာဆက် လက်သင်ကြားနိုင်ရန် နှင့် ကရင်လူမျိုးတို့၏ စာပေနှင့် ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းပေးနေသည့် ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။
အရပ် ၅ ပေကျော် ခန္ဓာကိုယ်ခပ်ပြည့်ပြည့်နှင့် အသက် ၁၈ နှစ်အရွယ် နော်ဖောဖောထူးသည်လည်း နေထိုင်ရာ တောင်ငူခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုကြောင့် ရွှေ့ပြောင်းလာပြီး ဒီကျောင်းလေးကို ပညာဆက်သင်ယူနိုင်ရန် ရောက်လာသည်မှာ ယခုဆိုလျှင် ဒုတိယမြောက် စာသင်နှစ်ကို ရောက်နေပြီ ဖြစ်သည်။
“ညီမတို့ ရွာမှာ တက်စရာ ကျောင်းမရှိဘူးလေ။ ရှိတဲ့ ကိုယ်ထူ ကိုယ်ထ ကျောင်းလေးက ရွာထဲ စစ်သားဝင်လာရင်လည်း ကျောင်းတွေ ပိတ်ရ၊ စာအုပ်တွေ ဖွက်ရနဲ့ ကျောင်းက ပိတ်ရင် တစ်ပတ်၊ နှစ်ပတ်လောက် ပိတ်ရတယ်။ အခြေအနေ ပြန်ငြိမ်တော့မှ ပြန်ဖွင့်တယ်။ ကျောင်းကလည်း တက် လိုက်၊ မတက်လိုက်နဲ့ဆိုတော့ စာထဲမှာလည်း အာရုံက ရောက်လိုက်၊ မရောက်လိုက်နဲ့ဖြစ်တယ်။ ဒီကျောင်းမှာက အေးအေးဆေးဆေး ပညာသင်ခွင့်ရတယ်လေ” ဟု သူက ပြုံးရင်း ဆိုသည်။
နော်ဖောဖောထူးတို့ ရွာတွင် အထက်တန်းကျောင်းအထိရှိသော်လည်း ကိုဗစ်ကာလတွင် ကျောင်းများ ပိတ်ပြီးနောက် နိုင်ငံရေးပဋိပက္ခ ဆက်လက် ဖြစ်ပေါ်သည့်အခါ မည်သူမှ မတက်တော့ဘဲ ပိတ်လိုက်ရသည်။
ထို့နောက် စီဒီအမ် ဆရာ/ဆရာမများ စုကာ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ၏ သင်ရိုးကိုယူကာ ရွာတွင် ကိုယ်ထူကိုယ်ထကျောင်းကို ဖွင့်ခဲ့သည်။ သို့သော် ရွာတွင်း စစ်သားများ ဝင်လာသည့်အခါ ကျောင်းကို ပိတ်ရသည့် အခက်အခဲများ ရှိခဲ့သည်။ ထို့ကြောင့် မိဘအသိမိတ်ဆွေများ၏ ချိတ်ဆက်ပေးမှုဖြင့် ယခုကျောင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
နော်ဖောဖောထူးအပါအဝင် ထိုကျောင်းတွင် ကျောင်းတက်ရောက်နေကြသည့် ၉၀ ရာခိုင်နှုန်းသော ကျောင်းသားများသည် ကိုယ့်ရပ်ရွာ၊ ကိုယ့်မိဘနှင့် ဝေးကွာနေကြရသူများဖြစ်သည်။ စစ်အာ ဏာသိမ်းကာလ ဆုံးရှုံးနေရသည့် ပညာရေးအတွက် ရှေ့ဆက်နိုင်ရန် ယခုကျောင်းသို့ အားကိုးတကြီး လာရောက် ပညာသင်ယူနေကြခြင်းဖြစ်သည်။
ကရင်အင်္ကျီအဖြူဝတ်ဆင်ထားသော အသားဖွေးဖွေး ပါးနီနီ Grade-10 ကျောင်းသူ နော်ခူးခူ (နာမည်လွှဲ) ကတော့ ဒီကျောင်းလေးမှာ စာသင်နေတာ တစ်နှစ်သာ ရှိသေးသည်။
“သမီးက တပ်မဟာ ၅ မှာ နေတာ ရွာမှာ ကျောင်းတက်တာ လေယာဉ်လာတော့ ခဏ ခဏ ပြေးရတယ်။ အဲဒါနဲ့ မိဘတွေက ဒီကို ပို့လိုက်တယ်” ဟု ပြောသည်။
နော်ခူးခူတို့ တက်သည့် ထိုကျောင်းကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့စဉ်က ကျောင်းသား ဦးရေ ဆယ်ဂဏန်းသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရာချီသည်အထိ တစ်နှစ်ထက် တစ်နှစ် ပိုတိုး လာသည်။ အာဏာသိမ်းနောက်ပိုင်းကာလ ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်း သားဦးရေ ၁၈၅ အထိ ရှိခဲ့သည်။ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်တော့ ကျောင်းသားဦးရေ ၃၅၉ အထိရှိလာသည့်အတွက် နှစ်ဆနီးပါး တိုးလာသည့် အခြေအနေဖြစ်သည်။
ဤကဲ့သို့ကျောင်းသားဦးရေ တိုးလာရခြင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအနီးတဝိုက်ရှိ ကျောင်းသားများအပြင် နော်ခူးခူနှင့် နော်ဖောဖောထူးတို့လို ရပ်ဝေးဒေသမှ ကျောင်းသားများပါ နှစ်စဉ် တိုးလာနေသောကြောင့် ဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် ကျောင်းသားများမှာ ကျောင်းပရိဘောဂများကို ဝေမျှ သုံးနေကြရသည်။ နော် ဖောဖောထူးတို့သည်လည်း စာသင်ခန်းထဲတွင် ယခင်က သုံးယောက်သာ ထိုင်ရသည့် ခုံတန်းရှည်တွင် လေးယောက်ထိုင်ပြီး စာသင်ကြရသည်။ တစ်ယောက်ထိုင်ခုံများတွင်လည်း နှစ်ယောက် ထိုင်နေကြရသည်ကို တွေ့မြင်နိုင်သည်။
ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) မှ ထောက်ပံ့ပေးသည့် ဖတ်စာအုပ်မှာလည်း မလုံလောက်သည့် အတွက် နှစ်စပိုင်းတွင် နှစ်ယောက် တစ်အုပ် ကြည့်ရသည့် အနေအထားများ ရှိခဲ့ပြီး နောက်ပိုင်းတွင် ကျောင်းအုပ်ကြီးမှ ကျောင်းသားများ အဆင်ပြေစေရန် ဖတ်စာအုပ်အသစ်များ စီစဉ်ထုတ်ပေးခဲသည့်အတွက် ယခုတွင်တော့ အဆင်ပြေနေသည်။
နော်ဖောဖောထူးတို့ တက်ရောက်နေသည့် အထက်တန်းကျောင်းကို တက်ရောက်နိုင်ရန် ဝင်ခွင့်ခက်ခဲခြင်းတော့ မရှိပေ။ ကျောင်းပြောင်းလက်မှတ်သာ လိုသည်ဟု ကျောင်းအုပ်ကြီးက ဆိုသည်။
ကျောင်းအုပ်ကြီးက “အခုလို နိုင်ငံရေးဖြစ်တော့ တချို့ကလေးတွေက ကျောင်းပြောင်းလက်မှတ် ထုတ်ဖို့ မလွယ်ဘူး။ အဲဒီလို ကလေးတွေကျတော့ ကျနော်တို့က နားလည်ပေးတယ်။ KNU အရာရှိ တစ်ယောက်ယောက်ရဲ့ ထောက်ခံစာပါရင် လက်ခံပေးတယ်။ အမှန်တော့ ကျနော်တို့ တကယ် လိုချင်တာကတော့ ကျောင်းပြောင်းလက်မှတ်ပဲ။ ဘာလို့ဆို ကျောင်းပြောင်းလက်မှတ်မှာ ဒီကျောင်းသားရဲ့ အချက်အလက် သူ့ရဲ့ စရိုက် အကုန်ပါပြီးသား။ အခုကျတော့ အခြေအနေကြောင့် အခုလိုလည်း လက်ခံပေးတယ်” ဟု လုပ်ဆောင်နေပုံကို ပြောသည်။
အဆိုပါ ကျောင်းသား ရာချီကို သင်ကြားပေးနေသော ဆရာ/ဆရာမ အရေအတွက်မှာ ၂၀ ဝန်းကျင်ခန့် ရှိနေသည်။ ကျောင်းရှိ ဆရာများသည် ကလေးများ၏ သိရှိနားလည်မှုအပေါ် အဓိကထားသင်ပေးသည့်အပြင် စကောကရင်စကား နားမလည်သည့် ကလေးတချို့ပါ ပညာသင်ယူနေကြသည့်အတွက် ဗမာစကားကိုပါ ထည့်သုံး သင်ကြားပေးကြသည်။
နော်ဖောဖောထူးသည်လည်း စကောကရင်စကား သေချာ နားမလည်သည့် ကျောင်းသားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
“အရင်ရွာမှာက တက်ခဲ့တဲ့ ကျောင်းမှာ ဗမာလိုပဲ သင်တယ်လေ။ ဒီရောက်တော့ ကရင်လိုချည်း သင်တော့ ဘာတစ်လုံးမှ နားမလည်တော့ဘူး။ ကရင်စာက ရေးတတ် ဖတ်တတ်ပေမယ့် မပြော တတ်ဘူး။ အစက နားမလည်တော့ ဖိအားများတာပေါ့။ ကြာလာတော့လည်း နားလည်လာတာပါပဲ။ အခုထိတော့ ကရင်လို အများကြီး မပြောတတ်ပေမယ့် အတော်လေးတော့ နားလည်လာပြီ။ အရင်က ဂေဘား (ကရင်အနွယ်ဝင်လူမျိုးစု) လိုပဲ ပြောတာလေ” ဟု နော်ဖောဖောထူးက သူကြုံတွေ့ခဲ့ရသည့် အခက်အခဲကို ဆိုသည်။
နော်ဖောဖောထူးတို့ ပညာသင်ယူနေသော အဆိုပါကျောင်းတွင် ကရင်၊ အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံနှင့် social studies ဟူ၍ ဘာသာရပ် ရှစ်ခု ရှိပြီး ကွန်ပျူတာ ဘာသာရပ်ကိုမူ လွန်ခဲ့သည့် သုံးနှစ်မှ စတင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဘာသာရပ်များထဲတွင် နော်ဖောဖောထူးအတွက်တော့ အင်္ဂလိပ်ဘာသာရပ်ကို အနှစ်သက်ဆုံးဖြစ်သည်။ ယခင်က သူသည် အင်္ဂလိပ်သဒ္ဒါ မရခဲ့၍ အင်္ဂလိပ်ဘာသာရပ်ကို ကြောက်ခဲ့သူတစ်ဦးဖြစ်သည်။ ထိုကျောင်းကို ရောက်လာချိန်မှ စပြီး ဆရာများက ဖြည်းဖြည်းချင်း နားလည်သည်အထိ သင်ပေးပြီး ကိုယ်ပိုင်စဉ်းစားတတ်အောင် လေ့ကျင့်ပေးသည့်အတွက် ယခုဆိုလျှင် နော်ဖောဖောထူး ကြောက်သည်ဆိုသည့် ဘာသာရပ် မရှိတော့ပေ။
ထို့အပြင် ကျောင်းတွင်း လှုပ်ရှားမှုများဖြစ်သည့် ကရင်ရိုးရာရှိုးပွဲ၊ သစ်ပင်စိုက်ပျိုးသည့် နေ့၊ အားကစား ရက်သတ္တပတ် စသည့် လှုပ်ရှားမှုများကလည်း သူနေခဲ့သည့် ကျောင်းတုန်းကနှင့် မတူ အစရှိသည်များလည်းရှိသည်ဟု ဆိုသည်။
နော်ဖောဖောထူးတို့အနေဖြင့် ကျောင်းတွင် နေ့အလိုက် ကျောင်းဝတ်စုံကို ဝတ်ဆင်ကြရသည်။ တနင်္လာနေ့တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူများအားလုံးသည် ကရင်သင် တိုင်းအဖြူကို ဝတ်ဆင်ရပြီး ကျောင်းသားများမှာ ကရင်အင်္ကျီ အနီနှင့် ဘောင်းဘီရှည် အနက်ကို ဝတ်ဆင်ရသည်။ ယနေ့တွင်တော့ တနင်္လာနေ့ ဖြစ်နေသည့်အတွက် နော်ဖောဖောထူးတစ်ယောက် ကရင်သင်တိုင်း အဖြူကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင်တော့ ကိုယ်ကြိုက် နှစ်သက်သည့် ကရင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ခွင့်ရှိပြီး အင်္ဂါ၊ ကြာသာပတေးနှင့် သောကြာနေ့ များတွင် အဖြူနှင့် အနက် ကျောင်းဝတ်စုံကို ဝတ်ဆင်ကြရသည်။
ကရင်အင်္ကျီ အနီရောင်နှင့် ဘောင်းဘီ အနက်ရောင် ဝတ်ဆင်ထားသော အသက် ၁၈ နှစ်အရွယ် စောဘွယ် (နာမည်လွှဲ) ကတော့ “မြန်မာပြည်က ကျောင်းကစာ တအား များတယ်။ ကျူရှင်ဆိုလည်း နှစ်ခု တက်ရတယ်။ ဒီမှာက အလွတ်ကျက်စနစ် မရှိဘူး။ ဒီကျောင်းက တက်လို့ ကောင်းတယ်။ ပျော်ဖို့ ကောင်းတယ်။ pressure (ဖိအား) မများဘူး။ ပေါ့ပေါ့ပါးပါးပဲ သွားတယ်” ဟု စာသင်ယူရချိန် သူ့စိတ်ခံစားချက်ကို ဆိုသည်။
ကရင်အင်္ကျီ အဖြူအနီ ဝတ်ဆင်ထားသော ကျောင်းသား၊ ကျောင်းသူများမှာ တစ်ဦးနှင့် တစ်ဦး ရည်မှန်းချက်များလည်း မတူညီကြပေ။ ကျောင်းသားများထဲတွင် ဆံပင်စုကျစ်ထားသော ကျောင်းသူလေးသည် “ဤကျောင်းကိုသာမက ကရင်တစ်မျိုးသားလုံးကို အကျိုးပြုနိုင်မည့် ကရင်ပညာရေးဝန်ကြီး ဖြစ်ချင်သည်”ဟု သူ၏ လက်နှစ်ဖက်ကို တင်းနေအောင် ဆုပ်ရင်း သူဖြစ်ချင်သည်ကို ပြောသည်။
ထို့နည်းတူစွာ နော်ဖောဖောထူးသည်လည်း ကျောင်းပြီးလျှင် GED သို့မဟုတ် ထိုင်းနိုင်ငံဘက်ခြမ်းရှိ သူးမွဲခီးကျောင်းတွင် ပညာ ဆက်သင်ယူချင်သူ ဖြစ်သည်။ ကျောင်းပြီးသွားလျှင် ယခုတက်နေသော ကျောင်းတွင် စာပြန်သင်ပေးသည့် အတွေ့အကြုံယူချင်ပြီး ဆရာအင်အား မလုံလောက်သည့် တောင်ငူခရိုင်ထဲက သူ့မွေးရပ်မြေရွာလေးတွင် သင်ယူခဲ့ရသမျှ ပညာများကို ပြန်မျှဝေပေး ချင်သည်က သူ့ဆန္ဒပင် ဖြစ်တော့သည်။ ထို့အတွက်လည်း ယခုကျောင်းကလေးက သူ့အတွက် ဆန္ဒတွေ ဖြည့်ပေးဖို့ အဓိက အချက်အချာဟု သူယုံကြည်လို့ နေပါသည်။
သူ၏ ဆန္ဒကို ပြောနေရင်းပင် ကျောင်းဆင်းခေါင်းလောင်းထိုးသံကြားရသည့်နောက် နော်ဖော ဖောထူးတစ်ယောက် အခြားကျောင်းသားများနှင့်အတူ ကရင့်အလံတိုင်ရှေ့တွင် ရပ်ကာ ကော်သူးလေသီချင်းကို သီဆိုရင်း ကျောင်းဆင်းရန် ကျောင်းလွယ်အိတ်လွယ်ရင်း ထွက်ခွာသွားတော့သည်။…….