Home သတင်း မြဝတီမြို့ နယ်ထိန်းရဲခေါင်းဆောင် ဇော်မင်းနိုင် ပစ်သတ်ခံရ

မြဝတီမြို့ နယ်ထိန်းရဲခေါင်းဆောင် ဇော်မင်းနိုင် ပစ်သတ်ခံရ

711
Photo-CJ

ဇူလိုင်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဇော်မင်းနိုင် (၃၆ နှစ်)ဆိုသူကို ဇူလိုင်လ ၁ ရက်ညပိုင်းက ရဲစခန်းနောက်ဘက်လမ်း မတန်းရမြို့ပတ်လမ်းဆုံအနီးတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“သူက မူးယစ်ဆေးဝါး၊ ဂိမ်းရုံ၊ ပြည်တန်ဆာရုံ၊ Ktv ရုံတွေကို ဖမ်းလိုက်ငွေညှစ်လိုက် လုပ်တဲ့နေရာမှာ နာမည်ဆိုး နဲ့ သတင်းကြီးတယ်။ အခုက ကရင်အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြဿနာရှိရာကနေ ဟေမာန်ဦး ဘုန်းကြီး ကျောင်းနားက အင်ပါယာ Ktv က အပြန်လမ်းမှာ သေနတ်နဲ့ ၈ ချက်ပစ်ခံရပြီး သေတာလို့ သိရတယ်။ ရဲနဲ့စစ် တပ်ကတော့ ပစ်သွားတဲ့ လက်နက်ကိုင်အဖွဲ့ကို လိုက်ဖမ်းဖို့ ရှာနေတယ်”ဟု ထိုအခြေအနေကို သိရှိသူ မြဝတီ မြို့ခံက ပြောသည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားသည့်သတင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းများမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF များ ပစ်ခတ်သတ်ဖြတ်သည်ဟု သတင်းထုတ်လွှင့်နေသော်လည်း မြို့ခံများကမူ ကရင် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ နှင့် ပြဿနာဖြစ်အချင်းများရာမှ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်းသာ ပြောဆိုနေကြကြောင်း မြဝတီမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့နယ်ထိန်းခေါင်းဆောင် ဇော်မင်းနိုင် ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ လက် အောက်ခံ မြဝတီမြို့လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးရုံးအဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေဆိုမှုမရရှိသေးသလို ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ၏ လူမှုကွန်ရက်သတင်းများတွင်လည်း သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

လတ်တလော မြဝတီမြို့တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF က ပူးပေါင်းပြီး မြို့တွင်း မြို့ပြင် လုံခြုံ ရေးနှင့် အုပ်ချုပ်ရေးကို ဆောင်ရွက်နေပြီး စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ် ရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ စည်ပင်ဌာနများမှလွဲ၍ ကျန်ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်မှုမရှိဘဲ ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။