Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကျိုက်ထို ဒေသခံ ၆ ဦး‌ သေဆုံး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကျိုက်ထို ဒေသခံ ၆ ဦး‌ သေဆုံး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

571
Photo: CJ

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးရွာအနီးတွင် ဇူလိုင်လ (၂၃)ရက် ယမန်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်မှ ကျေးရွာ များဘက်သို့ လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံအမျိုးသား(၆) ဦး သေဆုံးပြီး (၁၀)ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်း (၁၀)နာရီဝန်းကျင်က ကျောက်တန်းလေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီ၏ ကျိုက်ထိုမြို့ အခြေစိုက် တပ်မ(၄၄)မှ ဟောင်ဝှစ်ဇာ လက်နက်ကြီး(၄)လုံး ပစ်ခတ်ခဲ့ရာ အရပ် သားများ ထိခိုက်သေဆုံးရခြင်းဖြစ်သည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံများက ပြောသည်။

အမည်မဖော်လိုသည့် နီးစပ်သူအမျိုးသမီးတစ်ဦးက “မနေ့က ကျောက်တန်းလေးမှာတိုက်ပွဲ ဖြစ်တာ လက်နက်ကြီးရွာအလယ်ကျလို့ ရွာသားတွေပွဲချင်းပြီးသေပြီး ၁၀ဦး လောက်ဒဏ်ရာရတယ်။ အိမ်တွေကိုလည်း စစ်တပ်က မီးရှို့သွားသေးတယ်။ ရွာသားတစ်ချို့ကတော့ သိမ်ဇရပ်တို့ ကျိုက်ထိုမြို့ပေါ်တို့ကို ပြေးကြတယ်။ တချို့ကတော့ ကေအဲန်ယူထိန်းချုပ်နယ်မြေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေဘက်ကို ပြေးကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူဘက်မှ ရရှိထားသည့် အချက်အလက်များအရ လက်နက်ကြီးကျရောက်သဖြင့် သေဆုံးသူများမှာ ကျောက်တန်းလေး၊ သက်ကယ်ကုန်း၊ ကုန်းဘို အစရှိသည့်ကျေးရွာများမှ အသက်(၁၈)နှစ်မှ (၃၀)နှစ် အရွယ် ကြားရှိ လူငယ်အမျိုးသား (၆)ဦးဖြစ်ပြီး အမျိုးသမီး (၂)ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသည့် ဒေသခံ (၁၀)ဦး ထက်မနည်းရှိနေကြောင်းလည်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုနှင့်ပက်သက်၍မူ သက်ဆိုင်ရာအဖွဲ့များမှ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဇွန်လပိုင်းမှစတင်၍ စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အရပ် သားဖမ်းဆီးသတ်ဖြတ်ခံရမှုများ၊ နှစ်ဖက်ထိတွေ့တိုက်ပွဲအကြား စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ ဝင်အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းထိုး၊ ပစ်ခတ်မှုများကြောင့် ကျောက်တန်းလေးကျေးရွာအပါအဝင် အင်းဂဘို၊ ကမ်းနီ၊ ပိန္နဲကုန်း အစရှိသည့်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အတူ ဇူလိုင်လ(၂၂)ရက်နေ့ကလည်း သိမ်ဇရပ်နယ်မြေရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က သိမ်ဇရပ်မြို့ပေါ်လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအပါအဝင် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။