Home တွေ့ဆုံမေးမြန်းခန်း KNU ၏ မုန်းမြို့နယ်ဆိုင်ရာ ပြောဆိုခွင့်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

KNU ၏ မုန်းမြို့နယ်ဆိုင်ရာ ပြောဆိုခွင့်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

363
Photo: KNU (တောတောင်ထဲသို့ တိမ်းရှောင်ထွက်ပြေးနေသည့် မုန်းမြို့ဒေသခံ စစ်ရှောင်ပြည်သူများ။)

KNU ၏ မုန်းမြို့နယ်ဆိုင်ရာ ပြောဆိုခွင့်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

“ပြည်သူတွေကတော့ တောထဲမှာပဲ။ တချို့ကတော့လည်း တောင်ခြေမှာ တဲတွေဘာတွေသွားထိုးပြီး နေကြတယ်။ စခန်းသိမ်းပြီးနောက်ပိုင်းကတည်းကပေါ့ တချို့ကတော့ စစ်တောင်းအနောက်ဘက်ခြမ်းကို လာပြီးတော့ ရှောင်တာရှိသလို တောင်ခြေက သူတို့လုပ်ငန်းခွင်တွေနဲ့ နီးတဲ့ဆီမှာ ရှောင်ကြတာပေါ့။ မုန်းမြို့ တစ်ခုတည်းကို စစ်ရှောင်နေရတာ လူဦးရေသိန်းချီတယ်” KNU ၏ မုန်းမြို့နယ်ဆိုင်ရာ ပြောဆိုခွင့်ရှိသူ

ဇူလိုင် ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၃) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် လုံခြုံရေးဂိတ်များကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီဘက်က ၎င်းတို့တပ်စခန်းများ ပြန်လည်ရရှိရေးအတွက် မြေပြင် တိုက်ခိုက်မှုသာမက လေကြောင်းပစ်ကူများပါ အလွန်အကျွံအသုံးပြု၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက် သိမ်းယူခဲ့သည်။ ထိုသို့ စစ်ကောင်စီ၏ မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည် သူများ ထိမှန်သေဆုံးခဲ့သည့်အပြင် နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ပြည်သူပိုင် အဆောက်အအုံများပါ ထိမှန်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီတပ်က ယင်းသို့တန်ပြန်ထိုးစစ်ဆင်ပြီးနောက် မုန်းမြို့ပေါ်နှင့် အနီးအနားကျေးရွာတို့တွင် ပြန်လည် တပ်စွဲနေတာကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်ထွက်ပြေးခဲ့ရသည်။ လတ်တလောတွင်လည်း စစ်ကောင်စီတပ်က မုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံများသည် မိမိတို့နေရပ်၌ အတည်တကျ ပြန်လည်နေထိုင်နိုင်ခြင်း မရှိကြသေးပေ။

ထိုအခြေအနေများကြောင့် မုန်းမြို့၏ လက်ရှိစစ်ရေးအခြေအနေ၊ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး၊ နေထိုင်သွားလာရေး အခြေအနေများအား သိရှိနိုင်ရန် KNU ၏ မုန်းမြို့ နယ်ဆိုင်ရာ ပြောဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ မုန်းမြို့ရဲ့စစ်ရေးအခြေအနေကို အရင်ဦးဆုံး ပြောပြပေးပါ။
ဖြေ။ ။ စစ်ရေးအခြေအနေကတော့ တိုက်ပွဲရယ်လို့ ဖြစ်တာမရှိဘူး။ လက်နက်ကြီးနဲ့ကတော့ စစ်တပ်ဘက်က နေ့တိုင်းညတိုင်းလိုလို ထုတာရှိတယ်။ ဖြူးမြို့နယ်ဘက်မှာဆိုရင် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၄၃၉, ခမရ- ၃၀၇၊ မုန်းဘက်မှာဆိုရင် ခမရ- ၄၃၉ တို့ပေါ့၊ ကျောက်ကြီးနဲ့ နတ်သံကွင်းဘက်တွေလည်း အဲဒီလိုပဲ။ အများအားဖြင့်တော့ စစ်တပ်က မြို့နဲ့နီးတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိနေတယ်။ တိုက်ပွဲ မဖြစ်ဘဲ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်လို့ စစ်တောင်းအရှေ့အနောက်က မုန်းမြို့နယ်ရဲ့ကျေးရွာတွေက ပြည်သူတွေဆို နေ့တိုင်းလိုလို ထိခိုက်တာတွေရှိတယ်။

မေး။ ။ မုန်းမြို့က စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွေပြီးနောက်မှာ မြို့ပေါ်အခြေအနေဘယ်လိုရှိပါလဲ။
ဖြေ။ ။ စခန်းသိမ်းပြီး သိပ်မကြာဘူးလေ၊ စစ်တပ်က လူအင်အားတွေထပ်ဖြည့်ပြီး ပြန်ဝင်လာတာပဲ။ ပြီးတော့ မုန်းမြို့ထဲက သူတို့နေတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၅၉၀ တို့ ခမရ-၅၉၉ တို့မှာတော့ သူတို့နေရာပြန်ရပြီး နေတယ်။ ဒီနေ့ အထိပေါ့။ မြို့ပေါ်က ပြည်သူတွေအများစုကတော့ အပြင်မှာပဲ၊ သူတို့နဲ့နီးစပ်တဲ့သူလောက်ပဲ မြို့ထဲရှိတယ်။

အုပ်ချုပ်ရေးကတော့ သူတို့စစ်တပ်နဲ့အဆင်ပြေတဲ့ အရပ်သားပြည်သူတချို့ပဲ၊ ဒါပေမဲ့ အရပ်သား ပြည်သူတွေက အများအားဖြင့် ပုန်းရှောင်တာပဲလေဆိုတော့ အုပ်ချုပ်ရေး ဘာမှလှုပ်ရှားလို့မရဘူး။ နှစ်ဖက် ပစ်ခတ်မှုကတော့ မြို့နဲ့နီးစပ်ရာမှာ တခါတလေဖြစ်တာ ရှိတယ်။ မုန်းမြို့ လမ်းမကြီးကိုဆို ပြည်သူတွေ သွားလာခွင့် မပေးဘူးလေ။ စခန်းသိမ်းပြီးနောက်ပိုင်းကနေ အခုချိန်ထိ ဒေသခံပြည်သူ သာမန်ပြည်သူ ဘယ်သူမှ မသွားလာကြဘူး။

မေး။ ။ မုန်းမြို့ပေါ်က ထွက်ပြေးတိမ်းရှောင်ကြတဲ့ပြည်သူတွေ အခြေအနေလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ပြည်သူတွေကတော့ တောထဲမှာပဲ။ တချို့ကတော့လည်း တောင်ခြေမှာ တဲတွေ ဘာတွေသွားထိုးပြီး နေကြတယ်။ စခန်းသိမ်းပြီးနောက်ပိုင်းကတည်းကပေါ့ တချို့ကတော့ စစ်တောင်းအနောက်ဘက်ခြမ်းကို လာပြီးတော့ ရှောင်တာရှိသလို တောင်ခြေက သူတို့လုပ်ငန်းခွင်တွေနဲ့ နီးတဲ့ဆီမှာ ရှောင်ကြတာပေါ့။

မုန်းမြို့တစ်ခုတည်းကို စစ်ရှောင်နေရတာ လူဦးရေသိန်းချီတယ်။ ရပ်ကွက်တွေဘာတွေလည်း အများကြီးရှိတယ်။ လုပ်ကိုင်စားသောက်တာတော့ တချို့ကတော့ မြို့ထဲကိုရောက်တာ နီးစပ်ရာဆွေမျိုးတွေဆီမှာဆို အဆင်ပြေတယ်။ တောထဲကစစ်ရှောင်တွေကတော့ ဒီကာလကြီးမှာ အခက်အခဲရှိတာပေါ့။

မေး။ ။ ဒီမိုးတွင်းကာလအတွက် တောထဲကစစ်ရှောင်တွေရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါလဲ။
ဖြေ။ ။ အခုလက်ရှိက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဝမ်းရောဂါတွေ၊ သွေးလွန်တုပ်ကွေးတွေ၊ ခြင်တွေ ဘာတွေ ကိုက်လို့ တဲထိုးနေရတော့ အခက်အခဲကတော့ရှိတာပေါ့။ မိုးတွင်းကာလက တောင်ပေါ် ကဆင်းလာတဲ့ရေတွေက မိုးတအားရွာရင် ရေနောက်ပြီး မသန့်ဘူးပေါ့။ မိုးတွင်းကာလလည်းဖြစ်တော့ ခြင်တွေဘာတွေ ပေါများတယ်လေ။

မေး။ ။ အဲဒီအတွက် KNU အနေနဲ့ ဘာတွေလုပ်ဆောင်ပေးနေတာရှိပါလဲ။
ဖြေ။ ။ KNU ရဲ့ ကျန်းမာရေးအဖွဲ့တွေအနေနဲ့ကတော့ လက်ရှိကူညီဆောင်ရွက်တာပေါ့လေ၊ ဟိုးစစ်ဘေး စရှောင်ကတည်းက မုန်းမြို့နယ်ထဲမှာရှိတဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုရင်လည်း စားဖို့ သောက်ဖို့နေဖို့ စီစဥ်ပေးနေတာ ဒီနေ့အချိန်ထိပဲ။ ကျန်းမာရေးဌာနကလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကူညီပေးတာရှိတယ်။ ဒါပေမဲ့အားလုံးတော့ မပြည့်စုံဘူးဆိုတာက ခုနကပြောသလို မိုးတွင်းကာလဆိုရင်လည်း စစ်ရှောင်တွေရဲ့ အခက်အခဲဖြစ်တဲ့ စားဝတ်နေရေးအတွက်ရော ဆေးဝါးကုသမှုတွေလည်း လိုအပ်တာပေါ့။

မေး။ ။ မုန်းမြို့နယ်မှာ ဆေးဝါးသယ်ဆောင်မှုက အရင်ကတည်းက အခက်အခဲတွေ အများကြီးရှိတယ်လို့ သိရတယ်။ အခုရော အလားတူအခြေအနေပဲလား။
ဖြေ။ ။ ဒီကာလမှာ ဆေးသယ်ယူဖို့ကတော်တော်လေးခက်ခဲတယ်။ မြို့ထဲကနေ ဆေးလှမ်းမှာပြီး ပြန်သယ်ဖို့ လည်း အခက်အခဲရှိတယ်။ ဆေးကတော့ တောင်ငူတို့ ဖြူးတို့ဘက်မှာပဲ ရတာကိုး။ အဲဒီဘက်တွေကနေ ပြန်လာရင် ကျနော်တို့ဆီရောက်ဖို့ စစ်တပ်စခန်းကို ဖြတ်ကျော်ရတာရှိတယ်။ အဲဒီဂိတ်မှာ ဆေးကိုလုံးဝပဲ အဲဒီဂိတ်က ဆန်သယ်ရင်တောင် ဆိုင်ကယ်တစ်စီးဆို ဆန်တစ်အိတ်ပဲ သယ်ခွင့်ပေးတာ။

မေး။ ။ ဒေသတွင်း စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းအခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ဈေးကလည်း အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တောက်လျှောက်တက်လာတာ၊ အခုက တော့ ပိုပြီးတော့တောင်မှ ဈေးတက်တယ်။ စားသောက်ကုန်၊ ဆေးဝါး၊ ဆီ အကုန်တက်တယ်။ စားဆီဆိုရင်လည်း ခုနှစ်သောင်းလောက်ကနေ တစ်သိန်းခုနှစ်သောင်း ဖြစ်ကုန်ပြီ။ မုန်းမြို့နယ်မှာက ကျေးရွာအရှေ့အနောက် ရွာတွေကိုခေါ်ပြီးတော့ ကျနော်တို့က ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကုန်သည်ပွဲ စားတွေဆီ စပါးအကုန်မရောင်းဖို့၊ သူတို့ပြန်ပေးရမယ့် လုပ်အားခလောက်ပဲရောင်းဖို့ပေါ့။

ပြီးတော့ ကျေးရွာတစ်ရွာကို အနေအထားပေါ်မူတည်ပြီး စပါး တင်းနှစ်ထောင် ပြင်ဆင်ပြီး သိုလှောင် ထားခိုင်းတာ ရှိတယ်။ အဲဒါကို အချိန်တန်လို့ရှိရင် KNU ရဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့အနေနဲ့ ကာလပေါက်ဈေးနဲ့ ပြန်ဝယ်ပြီးတော့ စစ်ရှောင်တွေကို ပြန်ဝေတဲ့အစီအစဥ်တော့ ရှိတယ်။ ဒါပေမဲ့ တချို့သော လယ်သမားတွေကတော့ အကုန်လုံး ကုန်သည်ပွဲစားဆီပဲပို့တော့ ဆန်က ဒီကနေ ဟိုကို ရောက်ရင် ၇ သောင်း၊ ဟိုကနေ ဒီကပြန်ဝယ်ရရင် တစ်သိန်း တစ်သိန်းကျော်လောက် ဖြစ်သွားတာပေါ့။

မေး။ ။ မုန်းမြို့ရဲ့ သွားရေးလာရေး အခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ မုန်းမြို့က ဘာမှ အဆင်မပြေတော့ဘူး။ ဈေးဝယ်တာရောဘာရော ဘာမှအဆင်မပြေဘူး။ ဈေးဝယ်တာ ဟိုးတောင်ငူဘက်ကနေ ပတ်ပြီးတော့ တခြားသော တောင်ခြေကကျေးရွာတွေက ဖောက်သည်ယူပြီး သွားဝယ် ပေးရတာ။ ဒီဘက် နတ်သံကွင်းအုပ်စု အရှေ့ဘက်ကမ်းကပြည်သူတွေ ဈေးဝယ်တာလည်း အဲဒီနေရာတွေပဲ သွားရတယ်။ သွားတဲ့အပေါ်မှာ ဆေးဝါးဆို ပိတ်တယ်၊ စစစ်ဆေးတာလုပ်တယ် အဲ့လိုတော့ရှိတယ်။